ဂန့်ဂေါ ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၁ ရက်နေ့မှစတင်၍ မွေးစမှအသက်ငါးနှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ ကာကွယ်ဆေးများကို ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး-၁၊ ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဌာနမှဝန်ထမ်းများက မွေးစမှအသက် ငါးနှစ်အောက်ကလေးငယ်များကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး (သောက်ဆေး)၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး(သောက်ဆေး)/(ထိုးဆေး)၊ ပြင်းထန်အဆုပ်ရောင်ရောဂါ ကာကွယ်ဆေး(PCV)၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး(JE)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး(ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(B)-အဆုပ်ရောင်ရောဂါ)နှင့် တီဘီရောဂါ ကာကွယ်ဆေးများကို ကလေးများ၏ အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်အတိုင်း ထိုးနှံ/တိုက်ကျွေးပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးများထိုးနှံ/တိုက်ကျွေးရာသို့ မြို့ပေါ်(၄)ရပ်ကွက်နှင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ ရှုံးရှီ၊ ဇာဟော၊ အနောက်ဂန့်ဂေါ၊ အုတ်လှ၊ ပျား၊ ခေါက်ခူ၊ မကျည်းခင်၊ လက်ပန်၊ ပိုဦး၊ ကွမ်းဇဲ၊ ဘော်ပြင်း၊ သာလင်း၊ တောင်ယာပြင်၊ ကျော်ရွာ၊ မြင်သားကုန်းရွာ၊ သာကောင်း၊ မွှေ့လယ်၊ ကန်၊ ကျွန်းခုံသာ၊ ခေါင်းတုံနှင့် ညောင်လယ် ကျေးရွာများမှလည်းကောင်း၊ ထီးလင်းမြို့နယ်မှ ရေပုတ်၊ စင်းဇယ်၊ မျက်မြောင်၊ ငှက်ပြင်းနှင့် ရေမျက်နီကျေးရွာများမှလည်းကောင်း ကာကွယ်ဆေးများကို လာရောက်ထိုးနှံခဲ့ကြသည်။ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ နံနက်(၈)နာရီမှ (၁၂)အထိ၊ နေ့လယ်(၁)နာရီမှ (၃)နာရီအထိ ဆက်လက်ထိုးနှံ/တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း