ရွှေဘိုမြို့၌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲကျင်းပ

ရွှေဘို ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုကျောင်းထိုင်းဘုန်းကြီး သင်တန်းအမှတ်စဉ်(၂၀)သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အောင်မြေကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တက်ရောက်လာသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ရွှေဘိုမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ နာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဩသဓထံမှ (၅)ပါး သီလခံယူဆောက်တည်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေး၊ အမှတ်(၅) စစ်အုပ်ချုပ်ရေးနယ်မြေစစ်နယ်မြေမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများမှ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက်ကျောင်းထိုင်းဘုန်းကြီး သင်တန်းကျောင်း နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣန္ဒာဝုဓမှ ဩဝါဒကထာ မိန့်ကြားချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ဆက်ကပ်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ထူးချွန်အောင်မြင်ခဲ့သော သင်တန်းသား သံဃာတော်များအား ဂုဏ်ပြုဝတ္တုငွေများကို သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း နာယကအဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မမှ လှူဒါန်းမှုအစုစုတို့အား အနုမောဒနာတရာ ဟောကြားချီးမြှင့်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီးမြောက်အောင်မြင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)