မင်းဘူးမြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

မင်းဘူး ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူမျာအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က အဖွင့်အမှာစကားပြောကြားရာတွင် မင်းဘူး(စကု)မြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအနက်မှ ယခုအခမ်းအနားတွင် ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု(၂၁၃)စု လူဦးရေ(၉၄၉) ဦးအတွက် လူတစ်ဦးလျှင်တစ်လငွေကျပ် ၂ သောင်းနှုန်းဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လ(၂) လစာအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး မင်းဘူး(စကု)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးသက်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယား ဆောင်ရွက်ပေးမှု အခြေအနေများ ပြောကြားခဲ့သည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ယခုအချိန်တွင် မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် မြစ်ရေကြီးမှု၊ မြစ်ရေလျှံမှု၊ ကမ်းပါးပြိုမှုစသော သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ပြီး၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကာ ယာယီနေရပ်စွန့်ခွာ ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)