ဗန်းမောက် ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြည်သူ့ဝန်ဆောင်မှု ရုံးအနေဖြင့် ဒေသခံ ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအပေါ် အားကိုးယုံကြည်မှု တိုးပွားလာစေရန် ရည်ရွယ်၍ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းကို ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက လယ်နက်ကြီး ကျေးရွာအုပ်စု နားယကာကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ပြည်သူ့ဝန်ဆောင်မှုများ ကွင်းဆင်းဆောင်ရွက် ပေးနိုင်ရန် မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ စီစဉ်ပံ့ပိုးမှုဖြင့် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဌေးက ပြည်သူ့ဝန်ဆောင်မှုရုံးမှ ကွင်းဆင်း ဆောင်ရွက်ပေးမည့် လုပ်ငန်းများ အကြောင်းကို ရှင်းလင်း ပြောကြားပြီးနောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ မြို့နယ် ပညာရေးမှူးရုံး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်သတ္ထုရုံး၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများက ဒေသခံပြည်သူများ၏ မွေးဖွားမှု၊ သေဆုံးစာရင်းများ ပြုလုပ်ခြင်း၊ ကျေးရွာမြေငှာဂရမ်များ ပြုလုပ်ခြင်းနှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးခဲ့ပြီး တောင်ချောင်းပေါက် ကျေးရွာ၌ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ကလေးသူငယ်များ ၈၅ ဦးအား ဖြည့်စွက်အဟာရများ ကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးဌာနမှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ အားဆေးများကိုလည်း အခမဲ့ပေးဝေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)