နတ်မောက် ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်က အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ဈေးရောင်းချနေသော ဈေးသည်များအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖြစ် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ရေ၊ မြေသဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သဖြင့် ပလတ်စတစ် ကြွပ်ကြွပ်အိတ်အိတ်သုံးစွဲမှုကို လျော့ချ၍ စက္ကူ၊ အင်ဖက်များကို အစားထိုးသုံးစွဲသွားကြရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း” မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိက ပြောသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးအတွင်းအပြင်ရှိ ကုန်စိမ်းဆိုင်၊ ကုန်ခြောက်ဆိုင်၊ အသားဆိုင်များတွင် ကြွပ်ကြွပ်အိတ်အစား အစားထိုးအသုံးပြုနိုင်သည့် အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မူမူစန်း