မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မကွေး ဇွန် ၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပပြုလုပ်သည့် မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးတို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ အလွယ်တကူမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက် MEVM များ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလာဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလာဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် မဲရုံခင်းကျင်းမှုပုံစံအတိုင်း လက်တွေ့ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုပုံတို့ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများအား လက်တွေ့စမ်းသပ်မဲပေးစေခြင်းများ ဆောင်ရွက်ခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်တို့သည့် မကွေးပညာရေးဒီဂရီကောလိပ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ၊ တက်ရောက်လာသည့် ဆရာ/မများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူ(၂၀၀)ဦးခန့်တို့အား လက်တွေ့စမ်းသပ်မဲပေးစေခြင်းများ ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကြီးကြပ်မှုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်းအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသား/သင်တန်းသူ(၇၀)ဦး၊ စုစုပေါင်းအင်အား (၁၁၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကို ဇွန် ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ