မြောင်းမြမြို့အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား/သူများ ပျော်ရွှင်စွာ ကျောင်းစတင်တက်ရောက်သင်ကြား

မြောင်းမြ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားရန်အတွက် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား/သူများ ကျောင်းစတင်တက်ရောက် ပညာသင်ကြားနေကြောင်းသိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြောင်းမြ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့သွားရောက်၍ စာသင်ကျောင်း၊ စာသင်ခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိ၊ မရှိစစ်ဆေး၍ လိုအပ်သည်များကိုမှာကြားကာ ကျောင်းဝန်းအတွင်း၊ အပြင်လုံခြုံမှုရှိစေရေးတို့ကို စီမံဆောင်ရွက်ပေးခဲ့သည်။

မြောင်းမြမြို့နယ်တွင် ယခုပညာသင်နှစ်စ ပထမနေ့တွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးပညာသင်ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများအပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၂၀၇၄) ဦး ပျော်ရွှင်စွာ ကျောင်းတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)