မော်လမြိုင်ကျွန်းမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲဖွင့်ပွဲအခမ်းအနားနှင့် စာဖြေဆိုပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်သံဃနာယကရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်က အစိုးရဓမ္မာစရိယစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောငဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ချမ်းမြေ့ကျောင်းတိုက်ဆရာတော် ဦးနာယကထံမှ ငါးပါးသီလဆောက်တည်ခံယူကာ ဆရာတော်ကြီးထံမှ အနုမောဒနာတရားတော်များ နားယူခဲ့ကြပြီးနောက် ရေစက်ချအမျှပေးဝေခဲ့ပြီး ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ဓမ္မာစရိယစာမေးပွဲ ကျင်းပရာတွင် ပါဠိအဌကထာလိဏီ ကျမ်းရင်း(၁)ဘာသာရပ်တွင် စာရင်းရှိ သံဃာ (၄၉) ပါး၊ ပျက်ကွက် (၁၁) ပါးရှိပြီး (၃၈) ပါး ဝင်ရောက်ဖြေဆိုနေကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယ စာမေးပွဲကို ဇွန်(၂)ရက်နေ့မှ  (၆) ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စာမေးပွဲများကျင်းပရာတွင် သံဃာတော်များ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်ပြည်သူများက ဆွမ်း၊ ကွမ်း၊ ခဲဘွယ်ဘောဇဥ်များနေ့စဉ်ကုသိုလ်ပြု ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)