ကော့သောင်း ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၂) ရက် နံနက်ပိုင်းက ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် ကမ်းနားလမ်းရှိ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက် ထွက်ပေါက်ဂိတ် အဆောက်အဦသစ် ဖွင့်ပွဲ တက်ရောက်ကြသည်။
အဆောက်အဦသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ် အဆောက်အဦသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆောက်အဦသစ် ကမ္ဗည်းမော်ကွန်းအား အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံခြားသင်္ဘောများနှင့် စက်လှေများ မြို့မဆိပ်ခံတံတားကို ပိုမို ဝင်/ထွက် ဆိုက်ကပ်လာ၍ တိုးတက်လာသည့် ခေတ်နဲ့အညီ နှစ်ပေါင်း (၆၀) ခန့်အဆောက်အဦကို မြန်မာ့ ယဉ်ကျေးမှု အနုသုခုမလက်ရာများဖြင့် မြန်မာ-ထိုင်းနှစ် နိုင်ငံကြားကုန်သွယ်ရေး၊ ခရီး သွား လုပ်ငန်းနှင့် လူမှုစီးပွားဆက်သွယ်ရေးကို မြှင့်တင်ရန်၊ နယ်စပ်ဖြတ်သန်းမှု စနစ်တကျဖြစ်စေရန် နိုင်ငံတကာ အဆင့်မီသည့် နယ်စပ်ဝင်/ထွက်ဂိတ် အဆောက်အဦအဖြစ် ယခုလို ပြင်ဆင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း လာမည့်ခရီးသွားရာသီများတွင် နေ့ချင်း ပြန်/ညအိပ်ကျွန်းအလည်အပတ်ခရီးစဉ်များဖြင့် လာရောက် လည်ပတ်ပြီး ကော့သောင်းမြို့၏ သဘာဝအလှတရားများဖြစ်တဲ့ ရေ၊ မြေ၊ တော၊ တောင်တို့ရဲ့ အလှတရားများကို ကြည့်ရှုခံစားမည့် နိုင်ငံခြားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်ကြောင်း၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မိမိတို့ဒေသကို လာရောက်လည်ပတ်သည့်အခါတွင် မြို့၏ နယ်စပ်ဝင်ပေါက်/ထွက်ပေါက် အထိမ်းအမှတ်တစ်ခုသည် ယခုကဲ့သို့ ခမ်းနားကြီးကျယ်ပြီး မြန်မာ့ယဉ်ကျေးမှု အနုသုခုမလက်ရာများဖြင့် တည်ဆောက်ထားသည့် အဆောက်အဦကို စတင်မြင်တွေ့လိုက်သည်နှင့် ဂုဏ်ယူဖွယ်ရာရရှိပြီး ကော့သောင်းမြို့၏ တိုးတက်လာသည့် လူနေမှုအဆင့်အတန်းတွေကိုလည်း သိရှိနားလည်ပြီးသားဖြစ်ကြောင်း၊ ခေတ်မီအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်ရှိလာပြီဖြစ်သည့်အတွက် ကော့သောင်းမြို့ သူ/ မြို့ သားများ အနေဖြင့် ဂုဏ်တက်ရသလို မိမိတို့နိုင်ငံအနေဖြင့်လည်း များစွာဂုဏ်ယူရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာဟာ အဆင့်အတန်းမြင့်မားတဲ့ အခြေခံအဆောက်အဦများ ရှိရမည်ဖြစ်သည့်အတွက် ယခုအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် အဆောက် အဦကြီးဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း ဒေသအတွင်းမှာ အဆင့်တန်းမြင့်သည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရန်နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အစဉ်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ပေါက်ဂိတ် အဆောက်အဦသစ်အား တာဝန်ယူတည် ဆောက်ခဲ့သည့် နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်စိုးက တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖ ဦးအင်ရှိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက် ထွက်ပေါက်ဂိတ် အဆောက်အဦသစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ရနောင်းခရိုင် Township Border Committee အဖွဲ့မှ အမှတ်တရလက်ဆောင်ပေးအပ်ရာ ဝန်ကြီးချုပ်က လက်ခံရယူပြီး အမှတ်တရ လက်ဆောင် ပြန်လည်ပေးအပ်သည်။
ထို့နောက် နယ်စပ်ဂိတ်အဆောက်အဦသစ်အတွင်း ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက လှည့်လည်ကြည့်ရှုခဲ့ကြပြီး နယ်စပ်ဂိတ်မှဆိုက်ရောက်ထွက်ခွာကြမည့် မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံရနောင်းမြို့သို့ အလည်အပတ်သွားကြမည့် ဒေသခံများအား နိုင်ငံကူးလက်မှတ်၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များနှင့် နယ်စပ်ဖြတ်ကျော်သွားလာကြမည့် နိုင်ငံခြားသားများအား တာဝန်ရှိသူများက စိစစ်ဆောင်ရွက်ပေးနေမှုအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
အဆိုပါ အဆောက်အဦကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ ကျပ် (၁၆၉၇.၁၄) သန်းဖြင့် (၂၀၂၃) ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အောက်ခံအုတ်မြစ်ဘိုးပိုင် ဖောင်ဒေးရှင်းဖြင့် တည်ဆောက်ထားသည့် သံကူကွန်ကရစ်အဆောက်အဦအမျိုးအစားဖြစ်ပြီး အလျား (၁၂၀) ပေ၊ အနံ (၆၀) ပေ၊ အမြင့် (၁၄) ပေရှိ၍ မြန်မာ့ရိုးရာယဉ်ကျေးမှုလွှမ်းခြုံသော ခေတ်မီဗိသုကာဒီဇိုင်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်သည်။ ယခု ဖွင့်လှစ်ခဲ့သည့် အဆောက်အဦသစ်ဖြင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများနှင့် ကော့သောင်းမြို့၏ သဘာဝအလှတရားများဖြစ်တဲ့ ရေ၊ မြေ၊ တော၊ တောင် တို့၏ အလှတရားများကို ကြည့်ရှုခံစားမည့် နိုင်ငံခြားခရီးသွားဧည့်သည်များ ဆိုက်ရောက်ထွက်ခွာရာ၌ ကော့သောင်းမြို့၏ ဂုဏ်ယူဖွယ်ရာရှိပြီး အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်ထွက်ပေါက်အဖြစ် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)