မကွေး ဇွန် ၂
မကွေးတိုင်းဒေသကြီး ၂ဝ၂၅ ခုနှစ်၊ နွေရာသီ တယောတီးခတ်မှု မွမ်းမံသင်တန်းဆင်းပွဲနှင့် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ်ဌာနချုပ်မှူး၊ တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တက္ကသိုလ်/ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်း အုပ်ကြီးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ သင်တန်းသား တယောအဖွဲ့မှ “နှလုံးသားကိုအလှဆင်ပါ" သီချင်းဖြင့် အဖွဲ့လိုက်တီးခတ်ဖျော်ဖြေခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအတိုင်း စနစ်တကျ ကြိုတင်ပြင်ဆင်လေ့ကျင့်သင်နိုင်ရေး၊ နွေရာသီကျောင်းပိတ်ကာလ အားလပ်ရက်များကို အကျိုးရှိရှိကောင်းစွာ အသုံးချခြင်းဖြင့် အသိလိမ္မာတိုးပွားစေပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစတဲ့ ဗလငါးတန်နဲ့ပြည့်စုံပြီး မိမိတို့စိတ်ပါဝင်စားတဲ့ သင်တန်းများကို တက်ရောက်ခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ ဗဟုသုတများ အတွေးအခေါ်ကောင်းများ ပေါ်ထွန်းလာစေဖို့ သင်တန်းမှရရှိတဲ့ ဗဟုသုတနဲ့ အတတ်ပညာများကို အခြေခံပြီး မိမိတို့ရဲ့ အနာဂတ်ဘဝကို ကောင်းမွန်စွာ တည်ဆောက်တတ်စေရန်နှင့် အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ နွေရာသီသင်တန်းများစွာ ဖွင့်လှစ်ခဲ့တဲ့အနက် အခြေခံတယောသင်တန်းကို (၃-၄-၂၀၂၅)ရက်နေ့မှ (၂၂-၄-၂၀၂၅)ရက်နေ့အထိ မကွေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ နည်းပြ(၄)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၄၉)ဦးနဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဆက်လက်၍ မွမ်းမံသင်တန်းကို လေ့ကျင့်သင်ကြားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းမှရရှိခဲ့တဲ့ အသိပညာ၊ အတတ်ပညာများနဲ့ မိမိရပ်ရွာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်ဖြစ်ထွန်းအောင် ဆောင်ရွက်တတ်စေဖို့ မှာကြားလိုကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်မည့် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမှ မီးဘေးသင့်ခဲ့သော ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးကို ပညာသင်ထောက်ပံ့ကြေးပေးအပ်မည့် အခမ်းအနားလည်း ဖြစ်ပါကြောင်း၊ ပညာသင်ထောက်ပံ့ကြေးရရှိတဲ့ သားတို့သမီးတို့အနေနဲ့လည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပို့ချတဲ့ပညာရပ်များကို လုံ့လဝီရိယစိုက် လေ့လာသင်ယူကြပြီး၊ နိုင်ငံတော်နဲ့ မကွေးတိုင်းဒေသကြီးအတွက် အားထားရတဲ့ ဗလငါးတန်နဲ့ပြည့်စုံတဲ့ နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်ဖို့ လိုအပ်ကြောင်း အလေးအနက် မှာကြားလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ ဥယျာဉ်မှူးကိုယ်ပိုင်ကျောင်းမှ Grade-6 ကျောင်းသား မောင်လွင်သန့်ထူးအောင်မှ တယောဖြင့် တစ်ကိုယ်တော်ဖျော်ဖြေခြင်း တယောသင်တန်းသား၊ သင်တန်းသူများမှ အဖွဲ့လိုက်တီးခတ်ဖျော်ဖြေခြင်း ဆောင်ရွက်ခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမှ မီးဘေးသင့်ခဲ့သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် တက်ရောက်ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးအား ပညာသင်ထောက်ပံ့ကြေးများနှင့် တယောသင်တန်းနည်းပြများ၊ တယောတီးခတ်ဖျော်ဖြေခဲ့ကြသည့် သင်တန်းသားတယောအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ