မြန်အောင် ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ပေါ်ရပ်ကွက်များရှိ ဆိုင်ကယ်အရောင်းဆိုင်များ Showroom များတွင် တရားမဝင်အကောက်ခွန်မဲ့ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တရားမဝင်အကောက်ခွန်မဲ့ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာတွင် မြန်အောင်ခရိုင် ဒုခရိုင်ရဲတပ်ဖွဲ့မှူ ရဲမှူးကျော်ဇံ ဦးဆောင်၍ မြန်အောင်မြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းနိုင်၊ ပြည်တွင်းအခွန်ဦးစီးဌာန ဦးစီးမှူး ဒေါ်စန္ဒာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးငြိမ်းချမ်းကို၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့်မြို့နယ်ယာဥ်များ စနစ်တကျပြေးဆွဲရေး စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စိတ္တသုခ (၁) ဆိုင်ကယ်အရောင်းဆိုင်၊ စိတ္တသုခ(၂)ဆိုင်ကယ်အရောင်းဆိုင်၊ အောင်မြင်ဆိုင်ကယ်အရောင်းဆိုင်၊ လပြည့်ဝန်းဆိုင်ကယ်အရောင်းဆိုင်တို့အား သွားရောက်စစ်ဆေးခဲ့ကြရာ လိုင်စင်အထောက်အထားဖြင့် ရောင်းချနေသော ဆိုင်ကယ်များဖြစ်ကြောင်း စစ်ဆေးတွေရှိရကြောင်းနှင့် တရားမဝင်လိုင်စင်မဲ့ဆိုင်ကယ်များအား ရောင်းဝယ်ခြင်းမပြုလုပ်ရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)