ဘိုကလေးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံတက်ရောက်စေရေး စည်းရုံးနှိုးဆော်

ဘိုကလေး ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မေလ(၂၂)ရက်နေ့မှ စတင်၍ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်၍ အခြေခံပညာကျောင်းများအားလုံး၌ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံဆောင်ရွက်ခဲ့ရာ ကျောင်းနေအရွယ် ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံတက်ရောက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများက ယနေ့နံနက်ပိုင်းက စတင်ကာ ကျောင်းနေအရွယ်ကလေးများရှိသည့် နေရာများအရောက် ကွင်းဆင်း၍ တိုက်တွန်းနှိုးဆော်စည်းရုံးဆောင်ရွက်ခဲ့ကြသည်။

နှိုးဆော်စည်းရုံးဆောင်ရွက်ရာတွင် မြို့နယ်ဌာနဆိုင်ရာများအနေဖြင့် မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ဌာနအလိုက်ခွဲ၍ တစ်အိမ်တက်တစ်အိမ်ဆင်းဝင်ထွက်၍ ကျောင်းနေအရွယ်ကလေးမိဘများနှင့် တွေ့ဆုံကာ ကျောင်းအပ်နှံစေရေး၊ ကျောင်းတက်ရောက်စေရေးတို့အတွက် တိုက်တွန်းနှိုးဆော်စည်းရုံးခြင်းဖြစ်ပြီး ဘိုကလေးမြို့နယ်အနေဖြင့် ယနေ့ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံပြီးစီးမှုရာခိုင်နှုန်း (၈၅.၇၅) ရာခိုင်နှုန်းရှိပြီး အပ်နှံရန်ကျန်ရှိနေသူများသည် မြစ်ကမ်းနဘေးများတွင် နေထိုင်ကြသူများဖြစ်သဖြင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်လည်းကောင်း၊ လယ်သမားသားသမီးများအနေဖြင့်လည်း မိုးစပါးစိုက်ပျိုးရာသီဖြစ်သဖြင့် သီးနှံစိုက်ပျိုးချိန်နှင့် တိုက်ဆိုင်နေသောကြောင့်လည်းကောင်း ကျောင်းအပ်နှံရန် ကျန်ရှိနေကြကြောင်းနှင့် ဌာနဆိုင်ရာများ၏ တိုက်တွန်းနှိုးဆော်ချက်များကြောင့် ၎င်းတို့အနေဖြင့် အချိန်မီကျောင်းအပ်နှံ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်