ပခုက္ကူမြို့၌ MSME လုပ်ငန်းအဖြစ် မြန်မာ့ရိုးရာသနပ်ခါးရေရှည်တည်တံ့ခိုင်မြဲရေး လက်လီလက်ကားစနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ရွှေရည်ဝင်းရှင်မတောင်သနပ်ခါးပင်ရင်းပွဲရုံလုပ်ငန်း

ပခုက္ကူ ဇွန် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေးအတွက် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ အရည်အသွေးကောင်းမွန်သည့် ကုန်ချောပစ္စည်းများထုတ်လုပ်ကာ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ဆောင်ရွက်ကြသည်။ ထို့အပြင် မြန်မာ့သနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မှတ်တမ်းဝင်နိုင်ရေး နိုင်ငံတော်အဆင့်တာဝန်ရှိသူများ၊ သနပ်ခါးလုပ်ငန်းရှင်များ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး NGO အဖွဲ့အစည်းများ၊ သနပ်ခါးချစ်မြတ်နိုးသည့် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှားဆောင်ရွက်နေမှုအား အထောက်အကူဖြစ်စေရေးနှင့် တန်ဖိုးထားမြတ်နိုးတတ်စေရေးရည်ရွယ်၍ မြန်မာ့ရိုးရာသနပ်ခါးကို လက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့က ရွှေရည်ဝင်းရှင်မတောင်သနပ်ခါးပင်ရင်းပွဲရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို  တင်ပြလိုက်ပါသည်-

မေး     ။ အရင်ဦးဆုံး ဆရာအမည်နှင့်လုပ်ငန်းအမည်လေး မိတ်ဆက်ပေးပါအုံးရှင့်။

ဖြေ     ။ ကျွန်တော်နာမည်ကတော့ ဦးကျော်အောင်လို့ခေါ်ပါတယ်၊ ရွှေရည်ဝင်းရှင်မတောင်သနပ်ခါးပင်ရင်းပွဲရုံလုပ်ငန်းဖြစ်ပြီ ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်မှာ တည်ထောင်ထားတာဖြစ်ပါတယ်။

မေး     ။ မြန်မာနိုင်ငံသနပ်ခါးအသင်းတွင် ဆရာပါဝင်ဆောင်ရွက်နေတယ်လို့သိရပါတယ်၊ အဲ့ဒီအကြောင်းနဲ့ပတ်သက်လို့လည်း ရှင်းပြပေးပါအုံး။

ဖြေ     ။ ကျွန်တော်က ၂၀၁၇ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံသနပ်ခါးအသင်းမှာ ဘဏ္ဍာရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်ပါတယ်။ ပခုက္ကူမြို့နယ်မှာတော့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်၊ ရေစကြို၊ မြိုင်နှင့် ပေါက်မြို့နယ်များမှာလည်း သနပ်ခါးအသင်းဖွဲ့စည်းထားတာရှိပါတယ်။

မေး     ။ ဆရာတို့သနပ်ခါးပွဲရုံလုပ်ငန်း စတင်တည်ထောင်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါအုံးရှင်။

ဖြေ     ။ ပွဲရုံကိုတော့ ၁၉၇၅ ခုနှစ်က စတင်တည်ထောင်တာဆိုတော့ အခုဆိုရင် ၅၀နှစ်ခန့်ရှိပါပြီ၊ သနပ်ခါးလုပ်ငန်းကို မျိုးရိုးစဉ်ဆက် အဖေ၊ အမေတို့ လက်ထက်ကတည်းက လုပ်လာခဲ့တာပါ၊ အဲ့ဒီတုန်းကတော့ ပွဲရုံမထောင်ဖြစ်ဘူး၊ ရွာကနေပဲ အောက်မြန်မာပြည် ဖျာပုံနှင့် ဒေးဒရဲမြို့တွေနဲ့ ပင်လယ်ကမ်းစပ်ဒေသတွေဆီကို ဖြန့်ဖြူးရောင်းချလုပ်ကိုင်ဖြစ်ခဲ့ကြတာပါ။

မေး     ။ သနပ်ခါးပွဲရုံတည်ထောင်လုပ်ကိုင်တာဆိုတော့ ကိုယ်ပိုင်ခြံနဲ့ စိုက်ပျိုးထုတ်လုပ်တာလား၊ ဒါမှမဟုတ် သနပ်ခါးလုပ်ငန်းရှင်တွေဆီကတဆင့် ဝယ်ယူပြီး ပြန်လည်ဖြန့်ဖြူးရောင်းချတာလား။

ဖြေ     ။ ကျွန်တော်တို့က မြိုင်မြို့နယ်၊ မြောင်းဆည်ကျေးရွာမှာ ကိုယ်ပိုင်ခြံနဲ့ (၈)ဧကလောက် စိုက်ပျိုးထားပါတယ်၊ သနပ်ခါးစိုက်တောင်သူတွေနဲ့ သနပ်ခါးကုန်သည်တွေ လာပို့တာတွေလည်း ဝယ်ယူပါတယ်။ ပွဲရုံကို အရာတော်၊ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တွေက ဝင်ပါတယ်။

မေး     ။ သနပ်ခါးပွဲရုံစတင်တည်ထောင်လုပ်ကိုင်တဲ့အခါမှာ အခက်အခဲတွေ၊ ပြဿနာတွေ အနည်းနှင့်အများရှိခဲ့မှာပေါ့၊ အဲ့လိုတွေကြုံတွေ့ရတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့ပါသလဲ။

ဖြေ     ။ သနပ်ခါးပွဲရုံစတင်လုပ်ခဲ့တုန်းကတော့ အခက်အခဲလေးတွေတော့ရှိခဲ့တာပေါ့၊ ပြောရမယ်ဆိုရင် လေး၊ ငါးနှစ်လောက် အရောင်းအဝယ်ပါးတော့ ဒဏ်ခံရတာပေါ့၊ အသွားအလာကတော့ အခက်အခဲမရှိပါဘူး။

မေး     ။ ဆရာတို့သနပ်ခါးပွဲရုံမှာ လက်ရှိ လက်လီ၊ လက်ကားအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းအခြေအနေလေးတွေလည်း ထပ်မံရှင်းပြပေးပါအုံး။

ဖြေ     ။ လက်ရှိ ကျွန်တော်တို့ပွဲရုံမှာ လက်လီရော၊ လက်ကားရော အရောင်းအဝယ်ဖြစ်ပါတယ်၊ ဒါပေမယ့် အရင်ကထက်စာရင်တော့ ဈေးနှုန်းနဲနဲကျသွားတယ်၊ လက်ရှိချိန်မှာ လက်ကားပေးတဲ့နေရာမှာ သနပ်ခါးအကြီးပင်တွေဆို ကားတစ်စီးကို အနိမ့်ဆုံး ငွေကျပ် ၁၅ သိန်းမှ သိန်း ၃၀ ခန့်ရှိပါတယ်၊ အသေးဆိုရင် ၁၅ သိန်း၊ သိန်း ၂၀ ဝန်းကျင်ရှိပါတယ်၊ ကားတစ်စီးမှာ သနပ်ခါးအကြီးဆို အပင် ၃၀၀၊ ၄၀၀ ပါတယ်၊ အသေးဆိုရင် အပင်ရေ ၁၀၀၀ လောက်ပါတယ်၊ ပွဲရုံကိုတော့ နေ့စဉ်နှင့်အမျှ လာသွင်းကြပါတယ်။ ရောက်လာတဲ့ သနပ်ခါးတွေကို လက်ကားယူမယ့်သူ ဆိုဒ်အကြိုက်ဖြတ်ပေးရပါတယ်၊ များသောအားဖြင့် နှစ်တောင်စီပိုင်းဖြတ်များပါတယ်၊ နှစ်တောင်ဖြတ် တစ်ဖြတ်ကို အပင်အကြီးအသေးပေါ်မူတည်ပြီး ငွေကျပ် ၁၀၀၀၊ ၂၀၀၀၊ ၃၀၀၀၊ ၅၀၀၀ စသဖြင့် ဈေးနှုန်းရှိပါတယ်၊ ပိုင်းဖြတ်ပြီးတဲ့ သနပ်ခါးပင်တွေကို ထူးရှယ်၊ ဘဲဥ၊ အဝိုင်း၊ လေးထောင့်၊ တြိဂံ၊စာတမ်းဆိုပြီး အမျိုးအစားခွဲကြပါတယ်၊ အဲ့ဒီအမျိုးအစားအလိုက် တံဆိပ်ရိုက်နှိပ်ပြီး လက်ကားဝယ်ယူမယ့် ဒေသကို အရေအတွက် နဲ့ကားပေါ်တင်ပေးလိုက်တာပါ၊ ဈေးနှုန်းကတော့အတူတူပါ၊ လမ်းမှာ ပစ္စည်းတွေလဲလှယ်လို့မရအောင် သူရဲ့အမှတ်အသားနဲ့ အချောင်း (၁၀၀)ဆို အချောင်းရေ (၁၀၀)တင်ပေးလိုက်တာပါ။ လက်ကားသမားဆီရောက်ပြီးမှ သူတို့လိုချင်တဲ့ ဆိုဒ်ပုံစံအတိုင်း ပြန်ဖြတ်ကြတာပါ။ နောက်ပိုင်း အပြန်အလှန်ယုံကြည်မှုရှိလာတော့ လူမပါဘဲနဲ့လည်း အော်ဒါမှာယူကြတာများပါတယ်၊ ကျွန်တော်တို့ဆီကနေ မြန်မာပြည်အနှံ့ ပြန်လည်ဖြန့်ဖြူးရောင်းချပါ တယ်၊ အဓိကတော့ ရန်ကုန်၊ ပဲခူး၊ ပြည်၊ မကွေး၊ ပုဂံ-ညောင်ဦးမြို့တွေပေါ့၊ နေ့စဉ် ရောင်းချရမှုအခြေအနေကတော့ ပုံမှန်မရှိပါဘူး။ တစ်နေ့ကို ငွေကျပ် ၁ သိန်းရှိသလို ၅ သိန်းအထိလည်း ရောင်းရတဲ့နေ့ရှိပါတယ်။ တစ်လပျမ်းမျှကို ၅ သိန်းဈေးနဲ့တွက်ရင် သိန်း (၁၅၀) ခန့်ရှိပါတယ်၊ ကျွန်တော်တို့တင်ပေးလိုက်တဲ့ သနပ်ခါးဆိုဒ်၊ တံဆိပ်နှင့် အရေအတွက်နဲ့မဟုတ်ရင် လက်ကားသမားက လက်မခံပါဘူး။

မေး     ။ မြန်မာနိုင်ငံမှာ စိုက်ပျိုးထွက်ရှိတဲ့ ဒေသတွေအကြောင်းကိုလည်း ပြောပြပေးပါအုံး။

ဖြေ     ။ မြန်မာနိုင်ငံမှာ သနပ်ခါးထွက်ရှိတာကတော့ ရှင်မတောင်၊ အရာတော်၊ ရွှေဘို၊ ပေါက်၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ဘုတလင်၊ ယင်းမာပင်၊ မုံရွာ၊ မြင်းမူ၊ ပေါက်ဒေသတွေမှာ ထွက်ပါတယ်။

မေး     ။ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့အဖြစ် သနပ်ခါးကို ခေတ်အဆက်ဆက် လိမ်းခြယ်အသုံးပြုလာခဲ့ကြတာဆိုတော့ ဝယ်ယူလိမ်းခြယ်အသုံးပြုတဲ့ ပြည်သူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရရှိစေနိုင်ပါသလဲ။

ဖြေ     ။ သနပ်ခါးကတော့ ဆောင်းရာသီဆိုရင် နွေးတယ်၊ နွေရာသီဆို အေးပါတယ်၊ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်၊ ဆေးဖက်လည်းဝင်ပါတယ်၊ ခန္ဓာကိုယ်အရေးပြားပေါ်မှာ ယားယံခြင်း၊ အဖုအပိတ်ထွက်ခြင်းတွေကိုလည်း ပျောက်ကင်းစေပါတယ်၊ သနပ်ခါးအသီးကို ဝါးစားမယ်ဆိုရင် ခေါင်းမူး၊ ခေါင်းကိုက်ခြင်းတွေ သက်သာစေတယ်၊ သနပ်ခါးအရွက်ကိုပြုတ်ပြီးသောက်မယ်ဆိုရင်လည်း သွေးပေါင်ကျတယ်၊ ဆီးချိုရောဂါကိုလည်း ကာကွယ်စေပါတယ်၊ သနပ်ခါးနှင့်ပတ်သက်ပြီး ဘိုးဘွားတွေဆီက ကြားသိခဲ့တာတစ်ခုရှိတယ်။

မေး     ။ သနပ်ခါးစိုက်ပျိုးချင်တဲ့သူရော၊ လုပ်ငန်းထူထောင်လုပ်ကိုင်ချင်တဲ့သူတွေအတွက်ရော ဘယ်လိုအကြံဉာဏ်များ ပေးချင်ပါသလဲ။

ဖြေ     ။ ကျွန်တော်ကိုယ်တိုင်လည်း သနပ်ခါးစိုက်ပျိုးလုပ်ကိုင်သူဆိုတော့ စိုက်ပျိုးလုပ်ကိုင်ချင်တဲ့ ပြည်သူတွေအတွက် အားပေးတိုက်တွန်းချင်ပါတယ်၊ မြန်မာမိန်းကလေးတော်တော်များများက မြတ်နိုးခုံမင်စွာ အသုံးပြုကြတာဆိုတော့လေ၊ အခုက နိုင်ငံတကာကပါ စိတ်ဝင်စားလာပြီဆိုတော့ စိုက်ပျိုးရင် ရေရှည်အကျိုးဖြစ်ထွန်းဖို့ပဲရှိပါတယ်၊ သနပ်ခါးကတော့ ဥယျာဉ်ခြံနဲ့လည်း စိုက်လို့ရတယ်၊ မြေလွတ်မှာလည်း စိုက်လို့ရတယ်၊ သနပ်ခါးပင်က မြေမာကိုတော့ သိပ်မကြိုက်ဘူး၊ သဲနည်းနည်းပိုဆန်တဲ့ မြေမှာလည်း စိုက်ပျိုးဖြစ်ထွန်းပါတယ်၊ မြေနီကျောက်စရစ်လိုမျိုးကိုတော့ ပိုပြီးသဘောကျတယ်၊ စိုက်ပျိုးရင် ခြောက်တောင်၊ ခုနစ်တောင်အကွာ စိုက်ပျိုးရတယ်၊ အပင်တွေကြားထဲမှာ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းတို့အပြင် အခြားသီးထပ် သီးညှပ်တွေလည်းစိုက်ပျိုးလို့ရပါတယ်၊ အပင်တွေကြီးလာပြီဆိုရင် တစ်နှစ်ကို ပေါင်းမြက်ရှင်းခြင်း၊ မြေဆွပေးခြင်းလုပ်ငန်း နှစ်ခေါက်လောက် လုပ်ပေးရတယ်၊ ဆိတ်ချေး၊ နွားချေးတို့လည်း ထိုက်သင့်သလောက်ထည့်ပေးရတယ်၊ စိုက်ပျိုးပြီး ၅ နှစ်သက်တမ်းရှိရင် တစ်ပင်ကို ငွေကျပ် ၁၀၀၀၀ ခန့်ရောင်းရပါတယ်၊ တစ်ပင်ခုတ်ရင် နှစ်ပင်၊ သုံးပင်ပြန်ပေါက်တယ်၊ ပထမပဲ စိုက်ရတာ၊ နောက်ကျရင် စိုက်စရာမလိုတော့ဘူး၊ သူ့ဟာနဲ့သူ ပြုစုပေးရုံပဲ၊ နောက်ပင်အသစ်ပေါက်တာကလည်း ၅ နှစ်အထိ စောင့်စရာမလိုဘူး။ သုံး၊ လေးနှစ်နဲ့ ရောင်းရတာရှိတယ်။

မေး     ။ သနပ်ခါးတစ်ပင်ရဲ့ သက်တမ်းက ဘယ်လောက်အထိရှိပါသလဲ။

ဖြေ     ။ သနပ်ခါးတစ်ပင်ရဲ့ သက်တမ်းကတော့ အများဆုံးနှစ် ၅၀ အထိရှိပါတယ်၊ အပင်က နှစ် ၃၀ လောက်ရှိပြီဆိုရင်ကို အပင်အိုသွားပြီး အတက်ပေါက်လည်း ကျသွားတဲ့အပြင် သိပ်လည်းမကောင်းတော့ဘူး။ ကျွန်တော်တို့ကတော့ အများဆုံး ၁၀ နှစ်အထိပဲ ထားကြတယ်၊ အကျိုးရှိတာကတော့ တစ်သောင်းပတ်ချာလည်လောက် ဈေးနှုန်းရနိုင်ပြီးဆိုရင် ခုတ်ရောင်းလိုက်တာက အကောင်းဆုံးပါပဲ၊ အဲ့ဒါက အတက်ပေါက်တာလည်းမြန်တယ်၊ ကောင်း တယ်၊ မကြာခဏလည်း ရောင်းရတယ်ဆိုတော့ အကျိုးကျေးဇူးပိုများပါတယ်။

မေး     ။ ကျွန်မတို့ရဲ့ မြန်မာ့သနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း မှတ်တမ်းဝင်နိုင်ရေး နိုင်ငံတော်အဆင့်တာဝန်ရှိသူတွေရော၊ သနပ်ခါးလုပ်ငန်းရှင်တွေရော၊ သနပ်ခါးကိုချစ်မြတ်နိုးကြတဲ့ ပြည်သူတွေကပါ ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှားဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး ဆရာအမြင်လေးလည်း သိပါရစေရှင်။

ဖြေ     ။ ကျွန်တော်ကိုယ်တိုင်လည်း သနပ်ခါးစိုက်ပျိုးပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချတယ်၊ သနပ်ခါးကိုလည်း ချစ်မြတ်နိုးသူဆိုတော့ အခုလိုမြန်မာနိုင်ငံအနှံ့အပြားက ကြိုးပမ်းလှုပ်ရှားဆောင်ရွက်ကြတာ ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်၊ အောင်လည်း အောင်မြင်စေချင်ပါတယ်၊ အောင်မြင်သွားရင်တော့ အတိုင်းမသိဝမ်းမြောက်ဝမ်းသာဖြစ်မှာပါ။

မေး     ။ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုဓလေ့ ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်တဲ့အကြောင်းကိုတွေလည်း ဆရာအမြင်လေး ပြောပေးပါအုံးရှင်။

ဖြေ     ။ ဒီသနပ်ခါးကို ပြည်သူလူထုတစ်ရပ်လုံးကလည်း ချစ်မြတ်နိုးကြတယ်လေ၊ မိန်းကလေးအများအပြားကလည်း အသားအရေစိုပြေရေးအတွက် အသုံးအဆောင်အဖြစ် အစဉ်အမြဲလိမ်းခြယ်တတ်ကြတယ်၊ ပြည်ပထွက်ကုန်များဖြစ်တဲ့ မိတ်ကပ်၊ ပေါင်ဒါတွေထက်လည်း ကျန်းမာရေးနဲ့လည်းညီညွတ်တယ်၊ ဘေးထွက်ဆိုးကျိုးလည်းမရှိဘူး၊ အဲ့ဒါကြောင့် မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုဓလေ့ ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက်ဆိုရင် စိုက်ပျိုးရေးသမားတွေက အများအပြားတိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြဖို့နှင့် အရောင်းအဝယ်သမားတွေကလည်း အတတ်နိုင်ဆုံး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြဖို့ပဲ ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ - စန်းယုမော်(ပြန်/ဆက်)

ဓာတ်ပုံ                - ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)