ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူများနှင့်တွေ့ဆုံ

လှိုင်းဘွဲ     ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အင်းနို့သိပ္ပံကျေးရွာအုပ်စု ထောရွဲကျေးရွာ၌ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့က ကျေးလက်နေ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ထောရွဲဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ပြည်နယ်အစိုးရအဖွဲ၏ ဦးစားပေးရည်မှန်းချက်များ ဖြစ်သော လျှပ်စစ်မီးလင်းရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်မြေယာကိစ္စရပ်များ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းပညာသင်တန်းများ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများက ရေနုတ်မြောင်း တူးဖော်ရေးကိစ္စ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးရေး၊ ကုန်ထုတ်လမ်း(၃)မိုင်ဖောက်လုပ်ရာတွင် ကျန်ရှိသည့် (၁)မိုင်အား ဆက်လက်ဖောက်လုပ်ပေးရေး၊ ဆရာ/မများ အဆင်ပြေစွာ နေထိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရေးတို့ကို တင်ပြရာ သက်ဆိုင်ရာဌာန အသီးသီးရှိ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌက ဒေသ၏လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေး ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ပြန်/ဆက်