မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်ဦးတင့်လွင်  နွေရာသီတယောတီးခတ်မှု မွမ်းမံသင်တန်းဆင်းပွဲနှင့် ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတက်‌ရောက်

မကွေး ဇွန် ၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော  နွေရာသီအခြေခံတယောတီးခတ်မှု မွမ်းမံသင်တန်းဆင်းပွဲနှင့် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းဆင်းပွဲနှင့် ထောက်ပံ့‌ကြေးငွေ ပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊အစိုးရအဖွဲ့၀င်၀န်ကြီးများနှင့်ဇနီးများ၊ဥပဒေချုပ်၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး‌‌အဖွဲ့များ၊အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊သင်တန်းနည်းပြများ၊ကျောင်းသား၊ကျောင်းသူများ၊  သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်ဦးတင့်လွင်က  နိုင်ငံတာ်၀န်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအတိုင်း စနစ်တကျကြိုတင်ပြင်ဆင် လေ့ကျင့်သင်ကြားနိုင်ရေး၊ နွေရာသီကျောင်းပိတ်ကာလ အားလပ်ရက်များကို အကျိုးရှိရှိအသုံးချခြင်းဖြင့် အသိလိမ္မာတိုးပွားစေပြီး ကာယဗလ၊ဉာဏဗလ၊စာရိတ္တဗလ၊မိတ္တဗလ၊ဘောဂဗလဆိုတဲ့ ဗလငါးတန်နဲ့ပြည့်စုံပြီး မိမိတို့စိတ်ပါ၀င်စားတဲ့သင်တန်းများကိုတက်ရောက်ခြင်းဖြင့် အသိပညာများ၊အတတ်ပညာများ၊ဗဟုသုတများ၊အတွေးအခေါ်ကောင်းများ ပေါ်ထွန်းလာစေဖို့ သင်တန်းမှရရှိတဲ့ဗဟုသုတနဲ့ အတတ်ပညာများကိုအခြေခံပြီး မိမိတို့အနာဂတ်တိုးတက်ကောင်းမွန်စေရန်နှင့် အများနဲ့ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်တက် စေရန်ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှ မီးဘေးသင့်ခဲ့သော ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ငွေများ ပေးအပ်မှာဖြစ်ပြီး သားတို့သမီးတို့အနေနဲ့လည်း တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ပို့ချတဲ့ပညာရပ်များကို လုံ့လဝီရိယစိုက်၍လေ့လာသင်ယူပြီး ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့သားကောင်း၊သမီးကောင်းများပေါ်လာစေရန်၊အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်ဓာတ်များနှင့်ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ဥယျာဉ်မှူးကိုယ်ပိုင်ကျောင်းမှ Grade-6 ကျောင်းသား မောင်လွင်သန့်ထူးအောင်မှ တစ်ကိုယ်တော်တီးခတ်ဖျော်ဖြေ၍‌ နွေရာသီတ‌ယောသင်တန်းကျောင်းမှ ကျောင်းသား/သူလေးများမှ’နှလုံးသားကိုအလှဆင်ပါ’ သီချင်းဖြင့် အဖွဲ့လိုက်တီးခတ်ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ်၊မုန်းဇလဲကျေးရွာမှမီးဘေးသင့်ခဲ့သည့် တက္ကသိုလ်၊ဒီဂရီကောလိပ်များတွင် ပညာသင်ယူကြမည့်ကျောင်းသား/သူ (၂၂) ဦးအား ပညာသင် ထောက်ပံ့ကြေး ငွေများ နှင့် နွေရာသီတယောတီးခတ်မွမ်းမံ့သင်တန်းမှ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီးတို့က ဆုများအသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများ၊ တယောမွမ်းမံသင်တန်းမှ သင်တန်းသား၊သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။

မောင်ခိုင်မင်း