ကြံခင်းမြို့နယ် (၅၂၈)လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောက်တိုင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

ကြံခင်း ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကြံတောအုပ်စု၊ (၅၂၈)လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောက်တိုင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အနာဂတ်နိုင်ငံ့ခေါင်ဆောင်ကောင်းများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းဓမ္မာရုံအတွင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က လူငယ်များသည် အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်လာစေရန်အတွက်  ပညာကို အလေးထားသင်ယူရမှာဖြစ်သကဲသို့ အသိပညာ၊ အတတ်ပညာများနှင့်ပြည့်စုံစေရန်  မှတ်သားလေ့လာသင်ယူကြရန်လိုပါကြောင်း ပြောကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကြည်စိုးက အရွယ်(၃)ပါးတွင် ပညာရှာရမည့်အရွယ်ဖြစ်သဖြင့် ပညာဖြင့် ဘဝတိုးတက်မြင့်မားရေး အထူးကြိုးစားကြရန် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးဒေါ်ဌေးဌေးက (၃၈)ဖြာမင်္ဂလာတရားတော်နှင့်အညီ ယဉ်ကျေးလိမ္မာသော လူငယ်များဖြစ်လာစေရန်၊ အောင်မြင်ထူးချွန်သော လူငယ်များဖြစ်လာရေးအတွက် မိမိဘဝရည်မှန်းချက်ထားပြီး ပန်းတိုင်ရောက်အောင် ကြိုးစားကြရန်ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မြို့နယ်သူနာပြုအဆင့်(၁) ဦးအေးနိုင်က မိုးရာသီတွင်ဖြစ်တတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောပြီးနောက် သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများက  ရှင်းလင်းဟောပြောခဲ့ကြပါသည်။

အသိပညာပေးဟောပွဲသို့ သက်ဆိုင်ရာဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် (၅၂၈)လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသား၊ ကျောင်းသူ (၁၁၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မိုးမိုး (ပြန်/ဆက်)