လေးမျက်နှာ ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်၁၁ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် လေးမျက်နှာမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့မှ ထုတ်ပြန်ထားသော ညွန်ကြားချက်များကို ရှင်းလင်းပြောကြား၍ ဈေးများတွင် ဈေးရောင်း ချသူများနှင့် ဝယ်ယူသူများ ညွှန်ကြားချက် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရောင်းချနိုင်ရေးအား မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့တို့က ကြပ်မတ်ဆောင်ရွက်စေရေးနှင့် စစ်ဆေးရေးဂိတ်များတွင် မြို့နယ် ကိုဗစ်-၁၉ ကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်နိုင်ရေး စသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည် ဆွေးနွေး ပြောကြားခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ အတွင်းရေးမှူးဒေါက်တာစုစုလှိုင်နှင့် ကော်မတီဝင်များ တက်ရောက် ခဲ့ကြကြောင်းသိရသည်။
ဝေဝေ(လေးမျက်နှာ)