ချောင်းဦးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီသီးနှံစံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်

ချောင်းဦး ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့က ၂၀၂၅-၂၀၂၆ခုနှစ် မိုးရာသီသီးနှံ စံပြကွက်စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစေ့များ၊ စိုက်ပျိုးရာတွင် ထည့်သွင်းအသုံးပြုရမည့် သွင်းအားစုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခန်းအနားတွင် မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေမှ တောင်သူများနဲ့ စိုက်ပျိုးရေးဦးစီးဌာနဟာမိသားစုသဖွယ်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် တွေ့ကြုံလာသည့် အခက်အခဲများကို ပူးပေါင်းကူညီဖြေရှင်းပေးသလို စိုက်ပျိုးရေးနည်းစနစ်များအား နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများပြုလုပ်ပြီး ပညာပေးနေကြောင်း၊ အခုလိုစံပြကွက် စိုက်ပျိုးမည့် အကျိုးဆောင် တောင်သူများကိုလည်း မျိုးစေ့နှင့်သွင်းအားစုများ အခမဲ့ထောက်ပံ့ပေးအပ်မှာဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အခန်းအနားသို့ မြို့သစ်၊ အောင်ချမ်းသာ၊ ခင်မွန်၊ ကျီကုန်း၊ တောကျောင်းလေး၊ သုံးပန်လှ၊ ကုလားကြီး၊ ချောင်းမနား၊ အမြင့်၊ ရွှေကူ၊ ပဲပြစ်တော အစရှိသည့် ကျေးရွာ၁၅ရွာမှ စံပြကွက်စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူ ၇၇ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော အကျိုးဆောင်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေနှင့် ဝန်ထမ်းများက မိုးရာသီသီးနှံမျိုးစေ့များ၊ သွင်းအားစုများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။

ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ခုနှစ် မိုးရာသီသီးနှံစံပြကွက် စိုက်ပျိုးမည့်အကျိုးဆောင်တောင်သူ ၇၇ ဦးအား အောင်နိုင်တိုးစပါး၊ ရေအနည်းလို ၇ စပါး၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဥ်းငုံ၊ ချည်မျှင်ရှည်ဝါမျိုးစေ့များ၊ သွင်းအားစုများဖြစ်သည့် ယူရီးယားဓာတ်မြေသြဇာ၊ ကွန်ပေါင်း၊ ဂျစ်ပဆန်မြေသြဇာများ အခမဲ့ပေးအပ်ထောက်ပံ့ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးတင့်ဆွေထံမှ သိရသည်။

ဝင်းမြင့်အောင်