မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအနီး လမ်းဘေးဝဲယာတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး၊ သိရီစန္ဒာရုံသီလရှင်ကျောင်းစာသင်တိုက်ရှိ သီလရှင်များအား ဆွမ်းဆန် (၃၁)အိတ်အား ဆက်ကပ်လှူဒါန်း

မကွေး ဇွန် ၁

မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအနီး လမ်းဘေးဝဲယာတို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးနှင့်  အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ  စုပေါင်း၍ မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအနီး လမ်းဘေးဝဲယာတို့တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်ပင်များ၊ သစ်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်း စသည့် သန့်ရှင်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့(ရပကန)နှင့် မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ မကွေးမြို့နယ်၊ မြသလွန်ဘုရားကုန်းတော်မှ သီလရှင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းနှင့် ခြင်လောက်လမ်းများသေဆေး Abate ခတ်ခြင်းများ ပြုလုပ်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ မြသလွန်ဘုရားကုန်းတော်မှ သီလရှင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းနှင့် ခြင်လောက်လန်းများသေဆေး Abate ခတ်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြသလွန်ဘုရားကုန်းတော်မှ သိရီစန္ဒာရုံသီလရှင်ကျောင်းသို့ရောက်ရှိပြီး သိရီစန္ဒာရုံသီလရှင်ကျောင်းစာသင်တိုက်ရှိ သီလရှင်များအား ဆွမ်းဆန် (၃၁)အိတ်အား ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

မောင်ညီညာ