လွိုင်ကော် ဇွန် ၁
ကယားပြည်နယ်အစိုးရအဖွဲ့မှ တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း ၌ကျင်းပရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းစိုးအောင်က အဖွင့်အမှာစကားပြောကြားရာ၌ “ ဓာတ်မြေ ဩဇာသုံးစွဲမှုကို လျော့ချနိုင်ရန်နှင့် မြေဆီလွှာဂုဏ်သတ္တိ တိုးတက်လာစေရန် လုပ်ဆောင်ရမည့် အချက်မှာ ပိုက်ဆံလျှော်စိုက်ပျိုး၍ မြေမြုပ်ထယ်ထိုးခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ နှစ်စဉ် ဆောင်ရွက်ပါက မြေဆီလွှာဂုဏ်သတ္တိ အလျင်အမြန်တိုးတက်လာမည်ဖြစ်ကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများရဲ့ လူမှုဘဝတိုးတက်လာစေရန်ရည်ရွယ်ပြီး တောင်သူကြီးများအား ပိုက်ဆံလျှော်မျိုးစေ့များပေးအပ်ရခြင်းဖြစ်ကြောင်း” ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးသန်းလှိုင်က မြေဆီလွှာဂုဏ်သတ္တိတိုးတက် ကောင်းမွန်စေရန် လိုက်နာဆောင်ရွက်ရမည်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက ပိုက်ဆံလျှော်စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားသည်။
ပေးအပ်ပွဲကျင်းပရာ လုံခြုံးရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ လွိုင်ကော်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပဒါးညေး၊ ကယန်းကြခူ၊ လွယ်တမူ၊(၃)မိုင်ပကြဲကျေးရွာများနှင့် ထေးသမရပ်ကွက်များရှိ တောင်သူများသို့ ပိုက်ဆံလျှော်မျိုးစေ့များပေးအပ်ရာ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူခဲ့ကြသည်။ ယခု ပေးအပ်ပွဲတွင် ဖော်ပြပါကျေးရွာများရှိ တောင်သူ(၆၆)ဦး၏ စနစ်ကျလယ်မြေ (၁၅၅)ဧက အတွက် ပိုက်ဆံလျှော်မျိုးစေ့ (၃၂) တင်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုတွတ်