ကယားပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့်ပညာ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ ဖွင့်လှစ်ရန်ပြင်ဆင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး

လွိုင်ကော်      ဇွန်     ၁

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅−၂၀၂၆ ပညာသင်နှစ်တွင် ပြည်နယ်အတွင်းရှိ အဆင့်မြင့်နှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်ပြီးစီးမှုအခြေအနေများနှင့် ကန္ဒရဝတီ ဂေါက်ကွင်း ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် နှင့်ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)တို့သို့ ရောက်ရှိကာ ကျောင်းဝင်းအတွင်း နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ကျောင်းဝင်းအတွင်း စာသင်ဆောင်များ၊ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းအိပ်ဆောင်များ၊ စားရိပ်သာများ ပြင်ဆင်ဆောင်ရွက် ပြီးစီးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဖွင့်ချိန်အမီ စာသင်ဆောင်များ၊ ကျောင်းသူကျောင်းသူများနှင့် ဝန်ထမ်းအိပ်ဆောင်များ၊ စားရိပ်သာများ အသင့်ဖြစ်စေရေး၊ ကျောင်းသုံးရုံးသုံး ပရိဘောဂများနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာထားရှိရေးနှင့် သောက်သုံးရေ၊ လျှပ်စစ်မီးများ အဆင်ပြေစေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသို့ ရောက်ရှိကာ ကျောင်းပရိဝုဏ်အတွင်း စာသင်ဆောင်များ၊ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းအိပ်ဆောင်များ၊ စားရိပ်သာများ လက်တွေ့အလုပ်ရုံများ၊ ပြင်ဆင်ဆောင်ရွက်ပြီးစီးနေမှုကို ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က  သင်တန်းတက်ရောက်မည့် ကျောင်းသူကျောင်းသားများ ကျောင်းဖွင့်ချိန်အမီ စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများအသင့်ဖြစ်စေရေး၊ ကျောင်းသုံးရုံးသုံးပရိဘောဂများနှင့် သင်ထောက်ကူပစ္စည်းများပြည့်စုံစွာထားရှိရေးနှင့် သောက်သုံးရေ၊ လျှပ်စစ်မီးများ အဆင်ပြေစေရေး ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ လွိုင်ကော်မြို့၊ ကန္ဒရဝတီဂေါက်ကွင်းသို့ ရောက်ရှိကာ တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဂေါက်ကလပ် အဆောက်အအုံ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ဂေါက်ကလပ်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံ ရှင်းလင်းတင်ပြသည်။  ထို့နောက် ဂေါက်ကွင်းအတွင်း Green များ ပြန်လည်ပြုပြင်နေမှုများ၊ Fairway မြက်ခင်းများ၊ လေ့ကျင့်ရေးကွင်း ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂေါက်ကလပ် အဆောက်အအုံအား အမြန်ပြုပြင် ဆောင်ရွက်သွားရန်၊ ဂေါက်သီးအားကစားပြိုင်ပွဲများ ကျင်းပနိုင်သည်အထိ အမြန်ပြင်ဆင်ဆောင်ရွက် သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်