ဟားခါးမြို့၌ တိရိစ္ဆာန်ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ဟားခါး ဇွန် ၁

တိရိစ္ဆာန်ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နွားနောက်၊ ဝက်၊ ကြက်မွေးမြူးရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ပြီး နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးလက်နေပြည်သူများဖြစ်၍ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ မွေးမြူရေးလုပ်ငန်းကို ပူးတွဲဆောင်ရွက်ကြသည်မှာ ရှေးယခင်ကတည်းကပင်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်သည် တောင်တန်းထူထပ်ပြီး ဒေသခံတောင်သူများက ကျွဲ ၊ နွား ၊ နွားနောက် ၊ ဆိတ် ၊ ကြက်နှင့် ဝက်များကို မိရိုးဖလာလွှတ်ကျောင်းမွေးမြူလာခဲ့ကြကြောင်း၊ လွှတ်ကျောင်းစနစ်မွေးမြူခြင်းသည် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလွန်ခက်ခဲသည့် ကိစ္စဖြစ်သည့်အပြင် တိရစ္ဆာန်မျိုးရိုး နိမ့်ကျလာခြင်း၊ ထုတ်လုပ်မှု စံမမီခြင်း၊ စိုက်ခင်းများပျက်စီးစေခြင်း စသည့် ဆိုးကျိုးများခံနေရကြောင်း၊ ထို့ကြောင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်သို့ ကူးပြောင်းမွေးမြူရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ မိုးဦးကျရာသီတွင် မွေးမြူထားသည့် တိရစ္ဆာန်များ ကူးစက်ရောဂါဖြစ်ပွားနိုင်ခြင်း၊ ဖျားနာခြင်း၊ သဘာဝဘေးကျရောက်ပါက သေဆုံးခြင်း၊ ဒဏ်ရာအနာတရဖြစ်ခြင်းများ ကြုံတွေ့နိုင်ပါကြောင်း၊ သို့ဖြစ်၍ တောင်သူများမွေးမြူထားသည့် တိရစ္ဆာန်များ သေဆုံး၊ ဆုံးရှုံးမှုမရှိစေရေး၊ ထုတ်လုပ်မှု မကျဆင်းစေရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တင်ပြထားသည့် စီမံချက်အတိုင်း ချင်းပြည်နယ်အစိုးရအဖွဲ့က တိရစ္ဆာကုသဆေးများ ထောက်ပံ့နိုင်ရန် ရန်ပုံငွေများ ချပေးရခြင်းဖြစ်ကြောင်း၊ ယခု ပေးအပ်သည့် ဆေးများသည် ကုသဆေးများဖြစ်၍ မိမိသဘောအတိုင်း လက်လွတ်စပယ်အသုံးမပြုဘဲ တတ်ကျွမ်းပညာရှင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ညွှန်ကြားချက်များနှင့်အညီသာ သုံးစွဲကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ သိန်းလွင်က တိရစ္ဆာန်ကုသဆေးများ ထောက်ပံ့ပေးအပ်သည့် အစီအစဉ်အား ရှင်းလင်းတင်ပြပြီး နွားနောက်မွေးမြူရေးလုပ်ငန်းရှင်များအတွက် တိရစ္ဆာန်ဆေးဝါးများကို ဟားခါးခရိုင်အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ ဝက်မွေးမြူရေးလုပ်ငန်းရှင်များအတွက် တိရစ္ဆာန်ဆေးဝါးများကို ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးကလည်းကောင်း၊ ကြက်မွေးမြူရေးလုပ်ငန်းရှင်များအတွက် တိရစ္ဆာန်ဆေးဝါးများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်ကလည်းကောင်း၊ ကျေးရွာမွေးမြူးရေးလုပ်ငန်းရှင်များအတွက် တိရစ္ဆာန်ဆေးဝါးများကို ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာလမ့်ဇပေါင်ကလည်းကောင်း ပေးအပ်ကြကာ ပြည်နယ်ဝန်ကြီးက ချင်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် တိရစ္ဆာန်ကုသဆေးဝါးများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)