ရေဖြူ ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာရှိ ဇမ္ဗူအရိပ်နာရေးကူညီမှု အသင်းက အသုံးပြုရန်အရေးပေါ် လူနာတင်ယာဉ် (Ambulance) တစ်စီး ဝယ်ယူနိုင်ရေး ဒီဇင်ဘာ ၁၀ရက်နေ့က အလှူရှင်များ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာနေ ဦးမောင်မောင်သန်း_ဒေါ်ချိုစန်းမိသားစုက ငွေကျပ် သိန်း(၅၀)ကိုလည်းကောင်း၊ ဦးမြင့်ရွှေ_ဒေါ်ခင်အုန်းအေး မိသားစုက ငွေကျပ် (တစ်)သိန်းကိုလည်းကောင်း လာရောက် လှူဒါန်းရာ ပုဂေါဇွန်းကျေးရွာ ဇမ္ဗူအရိပ်အသင်းတာဝန်ရှိသူကလက်ခံရယူကြောင်း သိရသည်။
အဆိုပါ ပုဂေါဇွန်းကျေးရွာ ဇမ္ဗူအရိပ်နာရေးကူညီမှုအသင်းသည် ၂၀၂၀ ပြည့်နှစ် မတ်လ မှစ၍ယနေ့ အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အရေးပေါ်မော်တော်ယာဉ်များဖြင့် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဖြူဖြူရှိန် (ပြန်/ဆက်)