ကန့်ဘလူ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ ၁၀ ရက်မွန်းလွဲ ၂ နာရီ ခန့်က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မြို့နယ်အထိ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များ၊ တောင် သူများစုပေါင်းပြီး ဆန်စပါးမြို့နယ်အမှုဆောင်ရွေးချယ်နိုင်ရန် ကန့်ဘလူမြို့နယ် ဆန်စပါးဒေသဆိုင်ရာကော်မတီ အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအနှင့်အညီ ကျင်းပပြုလုပ်၍ ဆန်စပါးမြို့နယ်အမှုဆောင်များ ရွေးချယ်ခဲ့ ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်၊ တိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်သူသောင်းစိန်တို့က Zoom meeting ဖြင့် တက်ရောက်ကာ ဆွေးနွေးအမှာစကားပြောကြားခဲ့သည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေဖြင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက် နှင့်အညီ အောက်ခြေအဆင့်တွင် လက်တွေ့ ကျကျပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာသည့် စက်ပိုင်၊ ကုန်သည်၊ တောင်သူများမှ မိမိတို့ ကန့်ဘလူမြို့နယ် ဆန်စပါး ဒေသဆိုင်ရာကော်မတီ အလုပ်အမှုဆောင် (၁၀)ဦးအား ရွေးချယ်ခဲ့ပြီး ဆန်စပါး ထုတ်လုပ်ရောင်းဝယ်မှုတွင် အဓိကပါဝင်သည့် တောင်သူ၊ စက်ပိုင်၊ ကုန်သည်များ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)