မကွေး မေ ၃၁
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြသလွန်စေတီ တော်မြတ်ကြီး သန့်ရှင်းသာယာလှပမှုရှိစေရေး ဌာနဆိုင်ရာများ ပူးပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့၀င်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ လူမှုအဖွဲ့အစည်းများစုပေါင်း၍ မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး လမ်းဘေးဝဲယာရှိ မြက်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းခြင်း စသည့်တို့ကို ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့စည်းများအား အချိုရည်၊ မုန့်၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)