ခင်ဦး ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင် စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ် ရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးချိုလင်းအောင်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းယုကို၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊ မြို့ဖများ၊ အမေများနေ့ဖြစ်မြောက်ရေးအဖွဲ့တို့က မြို့ဝင် စစ်ဆေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရန်နှင့် စစ်ဆေးရေးဂိတ် များမှ ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးကြသည်။ ထို့နောက် မြို့ဝင်စစ်ဆေးရေးဂိတ်များကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၅)ဦးမှာ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ပြီး အားလုံးကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရပြီးသူများဖြစ်ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)