၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး မေ ၃၁

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် ဘော်လီဘောအားကစားနည်း အဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ် အားကစားသမားများ စဥ်ဆက်မပြတ်ပေါ် ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်း အဝေးကို မေ ၃၀ ရက်နေ့ နံနက် ၉ နာရီ အချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သည်။

အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ သက်ဆိုင်ရာဖွဲ့စည်းထားရှိသော ကော်မတီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများက တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်မှ အဖွင့် အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ (၃၃) ကြိမ်မြောက်၊ အရှေ့တောင် အာရှအားကစားပြိုင်ပွဲရှိသည့်အတွက် ၂၀၂၅ ခုနှစ်အတွင်းမှာ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစား ပြိုင်ပွဲတွေကို ကျင်းပမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အနေနှင့် ဘော်လီဘော၊ ဖူဆယ်၊ အားကစား ပြိုင်ပွဲတွေကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရမည့်အပြင် အသက် (၁၈) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ၏ အုပ်စုပွဲများကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အနေနှင့်အိမ်ရှင်အဖြစ် တိုင်း ဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကို ၂၀၁၄ ခုနှစ်မှာ ပထမအကြိမ်၊ ၂၀၁၉ ခုနှစ်မှာ ဒုတိယ အကြိမ် ၊ ၂၀၂၂ ခုနှစ်မှာ တတိယအကြိမ်၊ ၂၀၂၃ ခုနှစ်မှာ စတုတ္ထအကြိမ် အိမ်ရှင်အဖြစ် (၄) ကြိမ် တိုင်တိုင် လက်ခံကျင်းပပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှအိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင်အဆင်ပြေချောမွေ့စွာဖြင့် ပြိုင်ပွဲများကိုအောင်မြင်စွာလက်ခံကျင်းပ ပေးနိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစား သမားများ နေထိုင်စားသောက်ရေး၊ သွားလာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ ပြိုင်ပွဲများ အဆင်ပြေ ချောမွေ့စွာ ကျင်းပနိုင်ရေးတို့ကို အိမ်ရှင်အနေဖြင့်လက်ခံဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း၊  အစည်း အဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် မိမိတို့သက်ဆိုင်ရာကော်မတီများ အလိုက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား / အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးဝိုင်းဝန်းအကြံပေးဆွေးနွေးပေးကြဖို့​လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဆပ်ကော်မတီဝင်များမှ အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ညွှန်ကြားရေးမှူးမှ ပြိုင်ပွဲနှင့်ပတ်သက်ပြီး အားကစားပြိုင်ပွဲများကျင်းပပြုလုပ်မည့် အားကစားကွင်း / အားကစားရုံများ ၊ လေ့ကျင့်ရေးကွင်းနှင့် ပြိုင်ပွဲဝင်အသင်းများ၏ တည်းခိုဆောင်များပြင်ဆင်ထားရှိမှုနှင့် ရှမ်းပြည်နယ် ကိုယ်စား​ပြု အမျိုးသား / အမျိုးသမီး နှစ်သင်းစလုံးအောင်မြင်မှုရရှိရေးအတွက် စခန်းဝင်လေ့ကျင့် နေမှုများကို ရှင်းလင်းပြောကြားသည်။

ရှမ်းပြည်နယ်တွင် အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်မည့် အမျိုးသား / အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများကို ဇွန်လ ၃ ရက်နေ့မှ ဇွန်လ ၁၂  ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အသက် (၁၈) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် အသက်(၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲများကိုလည်း ပြည်နယ်အားကစားကွင်းတွင် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)