ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား စာရေးကိရိယာနှင့် ချီးမြှင့်ငွေများပေးအပ်

လွိုင်ကော် မေ ၃၁

ကယားပြည်နယ်အစိုးရအဖွဲ့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာတက်ရောက် သင်ယူကြမည့် ပြည်နယ်အတွင်းရှိ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ သားသမီးများသို့ စာရေးကိရိယာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြသည့် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအား အသိအမှတ်ပြုပြီး မိမိတို့၏ သား/သမီးများ ပညာရည်မြင့်မားရေး ကြိုးပမ်း ဆောင်ရွက်ရာတွင် အထောက်အပံ့တစ်ခုဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် အဆင့်မြင့်နှင့် အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး အဘက်ဘက်မှ ပြည့်စုံအောင် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊  ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူချွန်လူကောင်းများ ဖြစ်လာစေရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဘက်စုံထူးချွန်သူများ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း အသိပညာ၊ အတတ်ပညာများကို ကြိုးစားလေ့လာသင်ယူပြီး မိမိ မိသားစုအကျိုး၊ မိမိပြည်နယ်နှင့် နိုင်ငံတော်အကျိုးကို သယ်ပိုးနိုင်သူများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ၏ သား၊ သမီး အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ပညာသင်စရိတ်ချီးမြှင့်ငွေများကို ပေးအပ်ရာ ဒေသကွပ်ကဲရေးမှူးက လည်းကောင်း၊ ပြည်နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီး ကျောင်းသားကျောင်းသူများအတွက် ပညာသင်စရိတ်ချီးမြှင့်ငွေများကို ပြည်နယ်အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီး၏ ဝန်ထမ်းသားသမီးများအတွက် စာရေးကိရိယာများ ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူသည်။ 

ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီး၏ ဝန်ထမ်းသားသမီးများအတွက် စာရေးကိရိယာများအားပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။ 

ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများကိုယ်စား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးက ထောက်ပံ့ ချီးမြှင့်မှုများနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ 

ယနေ့ ပေးအပ်ပွဲတွင် ပြည်နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်သင်ယူမည့် ဝန်ထမ်း သား၊ သမီး အခြေခံပညာ မူလတန်း (၁၄၇၆)ဦး၊ အလယ်တန်း (၅၃၂)ဦး၊ အထက်တန်း (၃၅၃)ဦး၊ စုစုပေါင်း(၂၃၆၁)ဦးအတွက် စာရေးကိရိယာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)