ဒေးဒရဲ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါး စိုက်ပျိုးရာသီတွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ သီးနှံစိုက်စွမ်းအားမြှင့်တင်နိုင်ရေးနှင့် စပါးအထွက်နှုန်း တိုးတက်စေရေး၊ ကြဲခင်းစနစ် ပပျောက်စေရေး Drum Seeder အသုံးပြု စိုက်ပျိုးနိုင်ရေး ရည်ရွယ်၍ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ သီးနှံဇုန်စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စပါးအထွက်နှုန်းတိုးတက်စေရေး၊ သီးနှံစိုက်စွမ်းအားမြှင့်တင်စေရေး Drum Seeder များ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးဇင်မောင်မောင်က မိုးစပါးပန်းတိုင်အထွက်နှုန်း တိုးထွက်စေရေး သဘာဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာ အချိုးကျ အချိန်ကိုက် ထည့်သွင်းစိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးရာသီတွင် နှစ်သီးစိုက်မှ သုံးသီးစိုက်သို့ တိုးချဲ့ စိုက်ပျိုးနိုင်ရေးလုပ်ငန်းများအား ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှူး ဦးအောင်ကျော်စိုးက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး သီးနှံဇုန်စီမံကိန်းတာဝန်ပေးအပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များက မိုးစပါးများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ Drum Seederနှင့် တိုက်နယ်များအလိုက် သီးနှံဇုန် စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း (ပြန်/ဆက်)