ညောင်လေးပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ညောင်လေးပင် မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က (၁) ညောင်လေးပင်မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်ကအခမဲ့ ဖြန့်ဝေပေးသော ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အ.ထက(၂)ညောင်လေးပင် ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်ခဲ့သည်။

ထို့နောက် အ.ထ.က(၁) ညောင်လေးပင်ကျောင်း စံစံ(လင်္ကာဒီပ)မှ သုံးရောင်ခြယ်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ ကျောင်းဝတ်စုံများနှင့် သင်ထောက်ကူပစ္စည်းများအား အ.ထ.က (ပိန်းဇလုပ်)၊ အ.လ.က(အရှေ့ဇီးကန်)၊ အ.ထ.က (၂) ပြွန်တန်ဆာကျောင်းအုပ်ကြီးများအား အသီးသီးပေးအပ်ခဲ့ကာ အ.ထ.က (၁) ညောင်လေးပင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ကျောင်းသွားကြမယ်"သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သီဆိုဖျော်ဖြေပေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)