မိုးဦးရာသီသစ်ပင်စိုက်ချိန် ဒေသခံပြည်သူများ အခမဲ့စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်း ၄၀၀၀၀ ပျိုးထောင်ထားရှိ

ကြို့ပင်ကောက် မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မိုးဦးရာသီသစ်ပင်စိုက်ချိန်ဒေသခံပြည်သူများ အခမဲ့စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်းလေးသောင်း ပျိုးထောင်ထားရှိပြီး လာမည့်ဇွန်လပထမပတ်အတွင်း မြို့နယ်အတွင်းစိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းသိရသည်။

ပျိုးပင်များကို မြို့နယ်အတွင်းရှိဒေသခံပြည်သူများ၊ အသင်းအဖွဲ့များ၊ ကျေရွာနေပြည်သူများ၏ ဥယာဉ်ခြံမြေများ၊ ကျေးရွာချင်းဆက်လမ်းဘေးဝဲယာများတွင် စိုက်ပျိုးနိုင်ရန်နှင့် သစ်ပင်စိုက်ပွဲတော်များကျင်းပ၍ စိုက်ပျိုးနိုင်ရန် မကျီးကုန်းကျေးရွာပျိုးဥယာဉ်တွင် ပျိုးထောင်ထားရှိကြောင်း ဒေသခံပြည်သူများ အခမဲ့ လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးတင်မြတ်ထံမှသိရသည်။

ရာသီဥတုမျှတကောင်းမွန်စေရေးနှင့် ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များစိုက်ပျိုးရန် ရန်ကုန်ပြည်ကားလမ်း မကျီးကုန်းကျေးရွာပျိုးဥယျာဉ်တွင် ကျွန်း၊ ကံ့ကော်၊ ကြောင်လျာ၊ ခရေ၊ ငုရွှေဝါ၊ စိန်ပန်း၊ ဒန့်ဒလွန်၊ ပျဉ်းကတိုး၊ ပျဉ်းမ၊ ဗန်ဒါ၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ယမနေ၊ ယင်းမာ၊ ရေတမာ၊ သစ်ပိတောက်၊ သခွပ်ပင် စုစုပေါင်း ပျိုးပင် ၄၀၀၀၀ ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမြို့နယ်ဦးစီးမှူး ထံမှသိရသည်။

ဇေယျတု(ပြန် ဆက်)