လွိုင်ကော် မေ ၂၉
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများသို့ တက်ရောက်ကြမည့် ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ထမ်းမိသားစုများမှ ကျောင်းသား၊ ကျောင်းသူများနှင့် မဟာဘွဲ့သင်တန်းနှင့် အဝေးသင်သင်တန်းများသို့ တက်ရောက်နေသည့်ဝန်ထမ်းများအား ပြည်နယ်အစိုးရအဖွဲ့က ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် ချီးမြှင့်ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သားသမီးများမှ အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းဖွင့်ကာလတွင် အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ရန်နှင့် မိမိတို့သားသမီးများ၏ ပညာရေးကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန်နှင့် သက်သာချောင်ချိစေရန် ရည်ရွယ် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ ကျောင်းနေအရွယ် သားသမီးများအားလုံး ကျောင်းအပ်နှံ တက်ရောက်နိုင်ရေး ဆောင်ရွက်ကြရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်အောင် ငယ်စဉ်အချိန်မှစ၍ စနစ်တကျ လေ့ကျင့်ပြုစုပျိုးထောင်ကြရန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့အားပေးအပ်လာသည့် တာဝန်များကို ကျေပွန်အောင် တက်တက်ကြွကြွထမ်းဆောင်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မဟာဘွဲ့သင်တန်းတက်ရောက်နေသည့် ဝန်ထမ်းများနှင့် အဝေးသင်တက္ကသိုလ်တက်ရောက်နေသည့် ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများအားလည်းကောင်း၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတွင် ပညာသင်ကြားကြမည့် ဝန်ထမ်းများ၏ သားသမီးများအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ချီးမြှင့်ငွေများအားလည်းကောင်း ပေးအပ်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက အသီးသီးလက်ခံရယူကြသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဝန်ထမ်းများ၏ သားသမီးများမှ တက္ကသိုလ်တက်ရောက်နေသူများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ချီးမြှင့်ငွေများအသီးသီးပေးအပ်ရာ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ထောက်ပံ့ချီးမြှင့်မှုများနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)