ကြံခင်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူ ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာ ဆက်လက်သင်ကြားနိုင်စေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နေအိမ်အရောက် ကွင်းဆင်းတွေ့ဆုံအားပေး

ကြံခင်း မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူ ကျောင်း သား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာ ဆက်လက်တက်ရောက်သင်ကြားနိုင်စေရေးအတွက် ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာ၊အုပ်စုများရှိနေအိမ်များသို့ လိုက်လံကွင်းဆင်း၍ တွေ့ဆုံပြီး အားပေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းတွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(အတွင်းရေးမှူး)မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြည်စိုး၊အဖွဲ့ဝင်(၂)ဦးကျော်ကျော်၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့က အလုံအုပ်စု၊ ပေါက်တူးကျေးရွာ၊ ခုံကြီးအုပ်စု၊ တာရိုးကုန်းရွာနှင့် ကိုအင်းအုပ်စု၊ ကိုအင်းရွာတို့တွင် နေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာပြည်သူ ကျောင်းသား၊ကျောင်းသူခြောက်ဦးအား ကျောင်းအပ်နှံရေးနှင့် ပညာဆက်လက်သင်ယူနိုင်ရန် အခက် အခဲများအားမေးမြန်းကာ ကျောင်းအပ်နှံရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်များဖြင့် ချိတ်ဆက်ကူညီပေးခဲ့သည်။

ထို့နောက် ပေါက်တူးကျေးရွာရှိ ကျောင်းသားနှစ်ဦးအား အလက(အလုံ)ကျောင်းတွင် ကျောင်းအပ်နှံပေးကာ  မိုးကာ၊ ကျောင်းဝတ်စုံနှင့်ထမင်းဘူးတို့ကို ထောက်ပံ့ပေးခဲ့ပြီး ကျောင်းလမ်းခရီး အနီး အဝေး ပေါ်မူတည်၍ သင့်တင့်သော စက်ဘီးထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။

ကြံခင်းမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာကြသည့် ကျောင်းသား၊ ကျောင်းသူ အထက်တန်းအဆင့် ၁၀ ဦး၊ အလယ်တန်းအဆင့် ၁၇ ဦး၊ မူလတန်းအဆင့် ၂၈ ဦး စုစုပေါင်း ၅၅ ဦး ၎င်းတို့နေထိုင်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာ၊ အုပ်စုများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခဲ့ကြပြီး ကျန်ရှိနေသူများအား သက်ဆိုင်ရာ အုပ်ချုပ်‌ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ် ၍ ကျောင်းအပ်နှံရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း