မြဝတီမြို့၌ သဘာဝဘေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ ပစ္စည်း၊ ယန္တရား) စုဖွဲ့မှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

မြဝတီ မေ ၃၀

သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား) စုဖွဲ့မှုဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်ဘောလုံးကွင်းနှင့် သောင်ရင်းမြစ်ကမ်းဘေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဦးစွာ မြဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အဖွင့်အမှာစကား ပြောကြားပေးပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခရိုင်ဘေးအန္တရာယ် လျော့ပါးရေးနှင့် အရေးပေါ် အမိုးအကာထူထောင်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက လုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲမှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် သဘာဝဘေး ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းသို့ တက်ရောက်လာကြသော နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ မြဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ မြဝတီမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ် လျော့ပါးရေးနှင့် အရေးပေါ်အမိုးအကာ ထူထောင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့မှတပ်မတော်သားများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြဝတီမြို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ  ဦးလှထွန်းနှင့်  လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ဝင်များ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့ဝင်များက  သဘာဝဘေး  အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည့် (လူ၊ပစ္စည်း၊ယန္တရား) စုဖွဲ့မှုအား ကြည့်ရှုစစ်ဆေးသည်။  

ဆက်လက်၍ သဘာဝဘေး  တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်မှုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ပေးသော မြစ်ရေကြီးနိုင်မှု အခြေအနေအား မီးသတ်ဦးစီးဌာနမှ သောင်ရင်းမြစ်အတွင်း စက်လှေဖြင့် သတိပေးချက်ထုတ်ပြန်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် ခန့်မှန်းချက်များအား သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်း၊ ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် စိုးရိမ်ရသည့် လူနာများအား ဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ ကြီးကြပ်ဆောင်ရွက်မည့် ဌာနဆိုင်ရာများက ကယ်ဆယ်ရေးစခန်းသို့ လာရောက် ခိုလှုံသူများအား စာရင်းကောက်ယူရေးနှင့် နေရာချထားခြင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များမှ လိုအပ်သည့် စီမံခန့်ခွဲမှုများဆောင်ရွက်ခြင်း၊ မြဝတီခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ကယ်ဆယ်ရေးစခန်းမှ ပြည်သူများအား အားပေးစကားပြောကြားခြင်းနှင့် စေတနာရှင်များက ချီးမြှင့်ပေးအပ်မည့် ပစ္စည်းများအား ပေးအပ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)