မြောင်းမြ မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လေပြင်းဘေးသင့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် စားနပ်ရိက္ခာရန်ပုံငွေများအား ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဇင်ဝင်းမော်တို့က မြောင်းမြမြို့နယ်၊ လူတော်ကျေးရွာအုပ်စု၊ လူတော်ကြီးကျေးရွာနှင့် ကညင်ဂဲကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာတို့၌ (၂၇-၅-၂၀၂၅) ရက်နေ့နှင့် ကြာဖူးငုံလက်ပံကျေးရွာအုပ်စုနှင့် အမှတ် (၁၀) ရပ်ကွက်တို့၌ (၂၈-၅-၂၀၂၅) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းဘေးကြောင့် (တစ်စိတ်တစ်ပိုင်း ပျက်စီး/ပြိုကျပျက်စီး) ခဲ့သည့် လူနေအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၅၀,၀၀ဝ) ကျပ်၊ အိမ်ထောင်စု (၉) စုမှ ဘေးသင့်ပြည်သူ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၈၀,၀၀၀) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၉၃၀,၀၀၀) ကျပ်၊ တန်ဖိုး (၁၀၇၆၇၈) ကျပ် ရှိကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (စက္ကူပုံး) ပါ (၆) ပုံးတို့အား လေပြင်းဘေးသင့်ပြည်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)