အင်္ဂပူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

အင်္ဂပူ မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုးများအား အလေးထားနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ယမန်နေ့ နံနက်ပိုင်းက ကျောင်းကွင်းကျေးရွာအုပ်စုရှိ ဖားအောက်တောရဝန်းအတွင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိများက ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးသော်မွှန်းကိုနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ‌ ဒေါ်သန္တာဌေးနှင့် အဖွဲ့များ၊‌ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၁၀)ဦးခန့်မှ စုပေါင်း၍ ကျွန်း (၁၅၀)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊‌ ရေတမာ (၁၀၀)ပင်၊ မန်ဂျန်ရှား (၂၅၀)ပင်၊ ကံ့ကော်(၁၅၀) ပင်၊ မျောက်ငို (၁၀၀)ပင်၊ ခရေ (၁၅၀)ပင်၊ ယူကလစ် (၁၀၀)ပင် စုစုပေါင်း (၁၂၅၀)ပင်အား စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။                

မန်းကျော် (ပြန်/ဆက်)