ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သစ်သီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ထားဝယ် မေ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်ဦးစီးဌာနတို့ပူးပေါင်း၍ သစ်သီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မဥ္ဇူဝင်းက သစ်သီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသည် မိသားစုအလိုက်လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဖြစ်ကြောင်း၊ သေချာစွာလုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက အောင်မြင်လာနိုင်ကြောင်း၊ ဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ သင်တန်းမှပို့ချပေးလိုက်သော နည်းပညာများကို လက်တွေ့နယ်ပယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က သင်တန်းသူများ ပြုလုပ်ထားရှိသည့် သစ်သီးအခြေခံစားသောက်ကုန်များအား ပေးအပ်ပြီး တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မဥ္ဇူဝင်းက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ကာ သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)