ဘားအံ မေ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းခေတ်မီစံပြကျေးရွာ အထက်တန်းကျောင်း၏ (၃၆၀ပေ x ၃၁ပေ) ပညာချစ်သူ RCC သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေး ဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်ကို အလှူရှင်ဦးစောချစ်သူနှင့် ဇနီးနန်းခင်လှသူမိသားစုက ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ ကြွရောက်ချီးမြှင့်တော်မူသော မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရကျောင်း ဦးစီးပဓာနနာယက ဒုတိယ မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက၊ မဲဆမိတ် ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တစန္ဒရနှင့် ဝိုင်းထော်ကျောင်းဆရာတော်တို့အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဒုတိယမြိုင်ကြီးငူဆရာတော်၊ မဲဆမိတ်ကျောင်းဆရာတော်၊ ဝိုင်းထော်ကျောင်းဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဒုတိယမြိုင်ကြီးငူ ဆရာတော်က ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အလှူရှင်ဦးစောချစ်သူက ကျောင်းဆောင်သစ်ကမ္ဗည်းကြေးပြားအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိ သူများက ကမ္ပည်းကြေးပြားအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယမြိုင်ကြီးငူဆရာတော်နှင့် မဲဆမိတ်ဆရာတော် ဘုရားကြီးတို့က ငြိမ်းချမ်းရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ ဆုံးမဩဝါဒကထာကိုမြွတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျောင်းကော်မတီများ၊ အကျိုးတော်ဆောင်များ၊ မိဘများအနေဖြင့် မိမိတို့၏ သား၊ သမီးများ ပညာသင်ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ရောက်အောင် တိုက်တွန်းလမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ပညာရည်ထူးချွန်ပြီး နိုင်ငံအတွက် အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော တပည့်ကောင်းများ ပေါ်ထွက်အောင် သင်ကြားပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းလှိုင်၊ အလှူရှင်ဦးစောချစ်သူတို့က ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သုံးထပ်ကျောင်းဆောင်သစ်ဆိုင်ရာ စာရွက်စာတမ်းများကို အလှူရှင် ဦးစောချစ်သူနှင့် ဇနီးနန်းခင်လှသူ မိသားစုက ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ပညာရေးမှူးနှင့် ဒေသခံတစ်ဦးတို့က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ယင်းနောက် ကျောင်းဆောင်သစ်အလှူရှင် ဦးစောချစ်သူက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ် အလံငယ်များကို အမှတ်တရလက်ဆောင်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်အတွင်းရှိ စာသင်ခန်း၊ ပရိဘောဂများကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြာအင်းခေတ်မီစံပြကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လမ်းဘေးအုတ်စီ ရေမြောင်း (၆၅၀) ပေ ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)