ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့၊ ရေနီကန်ကျေးရွာ “အလင်းတန်း” စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲ တက်ရောက်

လွိုင်ကော် မေ ၂၉

လွိုင်ကော်မြို့၊ မထောခူကျေးရွာအုပ်စု၊ ရေနီကန်ကျေးရွာ အလင်းတန်း စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရေနီကန်ကျေးရွာ၌ကျင်းပရာ စာကြည့်တိုက်အား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ကျောင်းသားကျောင်းသူများ၏ ဘင်ခရာနှင့် ပန်းပွာအကအဖွဲ့၊ ကယားတိုင်းရင်းသားရိုးရာ(၉)မျိုးအဖွဲ့၊ ခေတ်သစ်ကယားရိုးရာအဖွဲ့နှင့် ဓနုအိုးစည်တီးဝိုင်းအဖွဲ့များ၏ ကပြဖျာ်ဖြေမှုအား ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာနှင့် ပန်းပွာအကအဖွဲ့များ၊ ကယားတိုင်းရင်းသားရိုးရာ(၉)မျိုးအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ခေတ်သစ်ကယားရိုးရာအဖွဲ့၊ လူမှုရေးရာဝန်ကြီးတို့က ဓနုအိုးစည်တီးဝိုင်းအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ သက်ဆိုင်ရာအဖွဲ့ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အခမ်းအနားအား ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် စာကြည့်တိုက်များသည် စာအုပ်ပေါင်းများစွာတို့၏ နေအိမ်ဖြစ်ပြီး မြန်မာအဘိဓာန်တွင် စာကြည့်တိုက်ကို ကြည့်ရှုလေ့လာရန်၊ ငှားရမ်းရန်စာအုပ်များ သိမ်းဆည်းထားရာ အဆောက်အအုံဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း စာကြည့်တိုက်များ ပြန်လည်ထူထောင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာအုပ်စာစောင်အဟောင်းများကို မဖတ်ရသေးပါက အသစ်ဟုသဘောထား၍ ဖတ်မှတ်လေ့လာကြရန်လိုအပ်ပါကြောင်း၊ စာကြည့်တိုက်များကို အသိပညာများ သိုလှောင်ထားသည့် ပညာဘဏ်တိုက်များအဖြစ် ရှုမြင်ပြီး တန်ဖိုးထားကြစေလိုကြောင်း၊ ယခုစာကြည့်တိုက်မှ စာဖတ်ရှုခြင်းဖြင့် မိမိတို့၏ အသိပညာသာမက အခြားသော လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားကြရန်နှင့် စာကြည့်တိုက်အား ဖွံ့ဖြိုးရှင်သန်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်အတွက် အလှူငွေများနှင့် သုတ၊ ရသ စာအုပ်မျိုးစုံ (၁၀၀)အုပ် ရေနီကန်ကျေးရွာ ချမ်းမြေ့ရွှေပြည်ဘုန်းတော်ကြီးကျောင်းနှင့် စိန်မိုက်ကယ် ခရစ်ယာန်ဘုရားရှိခိုကျောင်းတို့အတွက် အလှူငွေ (၅)သိန်းကျပ်စီ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဘီရို၊ စားပွဲ၊ ပလတ်စတစ်ထိုင်ခုံများ၊ လူမှုရေးရာဝန်ကြီးက စေတနာရှင်၊ အလှူရှင်များကိုယ်စား သုတ၊ ရသစာအုပ်မျိုးစုံ (၁၀၀)အုပ်၊ ကျေးရွာအလှူရှင်တစ်ဦးက ဘီရို(၁)လုံးနှင့် စာအုပ်မျိုးစုံ (၄၀)အုပ်တို့ကို ပေးအပ်လှူဒါန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက  လက်ခံရယူကြသည်။

ထို့နောက် စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်လှစ်ပေးခြင်းနှင့်စပ်လျဉ်း၍ ကျေးရွာပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှု၍ ကျေးရွာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားပြောကြားခဲ့သည်။

ယခုဖွင့်လှစ်ခဲ့သည့် စာကြည့်တိုက်သည် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ မတည်ငွေခွင့်ပြုငွေ ကျပ်သိန်း(၁၅၀)ဖြင့်  ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဖွင့်လှစ်ခဲ့သော စာကြည့်တိုက်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)