ငါးသိုင်းချောင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ငါးသိုင်းချောင်း မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြိုတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းများပေါက်ဖွားမှု မရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရွှေဘိုရပ်ကွက်၊ သာသနာ့အလင်းရောင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်က မိုးရာသီသို့ ရောက်လာသည် နှင့်တစ်ပြိုင်နက် ရာသီလိုက်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေးအတွက် ဆောင်ရန်ရှောင်ရန်နှင့်ပတ်သက်သည်များကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုဆရာမဒေါ်ဝေဇာမိုးက သွေးလွန်တုတ်ကွေးရောဂါ မဖြစ်စေရေးအတွက် အပတ်စဉ်သောကြာနေ့တိုင်း ပိုလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများကို လိုက်လံစစ်ဆေးဆောင်ရွက်နေကြောင်း၊ ယခုချိန်သည်ပိုးလောက်လန်း ပေါက်ပွားချိန်ဖြစ်သည့်အတွက် သတိပြုရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာရပ်များကို သိရှိနားလည်အောင်ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ သားဖွားဆရာမဒေါ်သိမ့်သူဇာငြိမ်းကလည်း တစ်အိမ်ထောင်ခြင်းလုပ်နိုင်မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ထူထဲနေသောခြုံနွယ်များကို ရှင်းလင်းရန်လိုကြောင်း၊ ဝါးဆို့ပေါက်များကို သဲ၊ ရွှံ့တို့ဖြင့် ပိတ်ဆို့ကာကွယ်တားဆီးရန်နှင့် နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးသွေးယိုခြင်း၊ သွေးဝမ်းသွားခြင်း၊ဆီးသွားနည်းလာခြင်း စသည့် အရေးပေါ်လက္ခဏာများဖြစ်လျှင်လည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ ချက်ခြင်းအချိန်မီ ပြသရန်လိုအပ်ကြောင်းကိုလည်း သတိပေးပြောကြားခဲ့သည်။

ထို့နောက် မြို့မိခင်နှင့်ခလေးစောင့်ရှောက်ရေး ဥက္ကဋ္ဌဒေါ်နှင်းဝေလွင်က မြို့မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးအခမဲ့စောင့်ရှောက်မှုပြုလုပ် ဆောင်ရွက်လျက်ရှိသည့်အတွက် အသက် (၇၀) နှင့်အထက်သက်ကြီးရွယ်အိုဘိုးဘွားများအားလည်း လာရောက်၍ ဆေးကုသမှုခံယူနိုင်ရန်၊ ကျောင်းဖွင့်ချိန်ရောက်လာတော့မည်ဖြစ်သည့်အတွက် မိမိတို့၏ကလေးများကို အနေအထိုင်၊ အသွားအလာ၊ အစားအသောက်တို့ကို ဆင်ခြင်နိုင်ရန်၊ မိဘနှင့်သားသမီးတို့ကြား သားသမီးတို့၏အခက်အခဲပြဿနာ ရင်ဖွင့်စကားများကို နားထောင်ဖြေရှင်းပေးနိုင်ရန်တို့ကို ပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ရပ်ကွက်သူ၊ ရပ်ကွက်သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)