ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးဈေးကွက်ခိုင်မာမှုကြောင့် အရောင်းအဝယ်ပုံမှန်လည်ပတ်

ပခုက္ကူ မေ ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးများ ပြည်တွင်းဈေးကွက်ခိုင်မာမှုကြောင့်  အရောင်းအဝယ်ပုံမှန်လည်ပတ်လျက်ရှိကြောင်း မြို့ပေါ်ရှိ ရွှေရည်ဝင်းသနပ်ခါးလက်လီလက်ကားပွဲရုံမှ သိရသည်။

ရွှေရည်ဝင်းသနပ်ခါးပွဲရုံကို လွန်ခဲ့သည့် ၁၉၇၅ ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ရာ ယခုဆိုရင် နှစ်ပေါင်း(၅၀)ခန့်ရှိနေပြီဖြစ်ကြောင်း၊ သနပ်ခါးကို မြိုင်မြို့နယ်၊ မြောင်းဆည်ကျေးရွာတွင် ကိုယ်ပိုင်ခြံဖြင့် ရှစ်ဧကခန့်စိုက်ပျိုးထားကြောင်း၊ ပွဲရုံတွင် ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ရှင်မတောင်၊ ပေါက်၊ ရွှေဘိုနှင့် အရာတော်ဒေသတို့တွင် စိုက်ပျိုးထွက်ရှိသည့် သနပ်ခါးများကို လက်ခံဝယ်ယူပြီး သနပ်ခါးအသုံးပြုသည့် ပြည်တွင်းဒေသများတွင် လက်လီလက်ကားစနစ်ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း၊ ရန်ကုန်၊ ပဲခူး၊ ပြည်၊ မကွေး၊ ပုဂံ-ညောင်ဦးမြို့များ၌ လက်ကားစနစ်ဖြင့် အဓိကရောင်းချရကြောင်း၊ လက်ခံဝယ်ယူရာတွင် သနပ်ခါးအပင်အကြီး ၄၀၀ ခန့်ပါဝင်သော မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ် သိန်း ၂၀ မှ သိန်း ၃၀ နှုန်း၊ အပင်ငယ် ၁၀၀၀ ခန့်ပါဝင်သော မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ် ၁၀ သိန်း၊ ၁၅ သိန်းနှုန်းရှိကြောင်း၊ ဝယ်ယူပြီးသည့် သနပ်ခါးပင်များကို နှစ်တောင်စီပိုင်းဖြတ်၍ အပင်အကြီးအသေး၊ အနုအရင့်ပေါ်မူတည်ပြီး ငွေကျပ် ၁၀၀၀ မှ ၅၀၀၀ နှုန်းဖြင့် ပြန်လည်ရောင်းချရကြောင်း၊ သနပ်ခါးကို ငွေကျပ် တစ်သိန်းမှ ငါးသိန်းခန့်အထိ နေ့စဉ်ရောင်းချရကြောင်း၊ တစ်လပျမ်းမျှ ငါးသိန်းနှုန်းဖြင့်တွက်လျှင် ငွေကျပ် သိန်း ၁၅၀ ခန့် ပုံမှန်လည်ပတ်ဖြန့်ဖြူးရောင်းချနေရကြောင်း၊ ပွဲရုံဖွင့်ရောင်းချပေးသည့်အတွက် သနပ်ခါးချစ်မြတ်နိုးသည့်ပြည်သူများအနေဖြင့် ခြံအရောက်သွားရောက်ဝယ်ယူရသည့် အခက်အခဲများနှင့် မကြုံတွေ့ရသည့်အပြင် သနပ်ခါးကို ဈေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်ကြောင်း၊ ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မဟာဝိသုတာရာမ(အလယ်တိုက်) မြောက်ဖက်ရှိ ရွှေရည်ဝင်းသနပ်ခါး လက်လီလက်ကားပွဲရုံပိုင်ရှင် ဦးကျော်အောင်က ပြောပြသည်။

ထို့အပြင် ပခုက္ကူမြို့မဈေးကြီးအတွင်း သနပ်ခါးဈေးသည်တစ်ဦးက ကျွန်မရောင်းတဲ့သနပ်ခါးက ရှင်မတောင်ဒေသထွက် သနပ်ခါးတွေဆိုတော့ တစ်နေ့ကို ၁၀၀၀၀ ဖိုးလောက် ရောင်းရပါတယ်။ အခုနောက်ပိုင်း အလှကုန်ပစ္စည်းကိရိယာ အဆန်းအပြားပေါ်လာပေမယ့် မြန်မာ့သနပ်ခါးကိုတော့ ကလေး၊ လူငယ်၊ လူကြီးအစ အထူးသဖြင့် မြန်မာအမျိုးသမီးတွေက မြတ်နိုးခုံမင်စွာ လိမ်းခြယ်အသုံးပြုကြပါတယ်။ မြန်မာ့သနပ်ခါးမှာထူးခြားတာက သင်းပြန့်သောရနံ့နှင့် ပြည့်စုံတဲ့အပြင် လိမ်းခြယ်ထားသူရဲ့ အသားအရေကိုလည်း စိုပြေလှပစေခြင်း၊ ချောမွတ်စေခြင်း၊ အေးမြစေခြင်း၊ စိတ်ကြည်လင်လန်းဆန်းစေခြင်း၊ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း စတဲ့ ဂုဏ်အင်္ဂါတွေရရှိစေပါတယ်၊ အဲ့ဒါကြောင့်လည်း မြန်မာ့အမျိုးသမီးအများစုက ကောက်စိုက်ချိန်၊ ရေချိုးပြီးချိန်နှင့် ဘုရားသွား၊ ကျောင်းတက်၊ အလှူမင်္ဂလာပွဲလမ်းသဘင်များတွင်  ခုံမင်နှစ်သက်စွာ လိမ်းခြယ်သွားကြတာဖြစ်ပါတယ်” ဟုပြောကြားပေးခဲ့သည်။

မြန်မာ့ရိုးရာသနပ်ခါးပင်မှာ ပြည်တွင်းဈေးကွက်ခိုင်မာမှုရှိသည့်အပြင် နိုင်ငံတကာကပါပိုမိုစိတ်ဝင်လာခြင်းတို့ကြောင့် အခြားသီးနှံများဖြစ်သည့် သရက်၊ လျှော်ဖြူ၊ ဒန့်သလွန်နှင့် ကွမ်းတို့ထက် ပိုမိုးတိုးချဲ့စိုက်ပျိုးကြကြောင်း၊ မြန်မာ့ရိုးရာသနပ်ခါးပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင်တွေ့ရသော်လည်း ပူပြင်းခြောက်သွေ့သည့် မြန်မာပြည်အလယ်ပိုင်းအညာဒေသများတွင် ပို၍ဖြစ်ထွန်းကြောင်း၊ မြန်မာ့သနပ်ခါးအများစုစိုက်ပျိုးသည့် မြို့များမှာ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ရှင်မတောင်၊ အရာတော်၊ ရွှေဘို၊ ဘုတလင်၊ယင်းမာပင်၊ မုံရွာ၊ မြင်းမူ၊ ပေါက်မြို့တို့ဖြစ်သည်။ ရှေးမြန်မာဘုရင်များလက်ထက်မှစ၍ ယနေ့အထိ ထိန်းသိမ်းလာခဲ့ကြသည့် မြန်မာ့သနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မှတ်တမ်းဝင်နိုင်ရေး နိုင်ငံတော်အဆင့်တာဝန်ရှိသူများ၊ သနပ်ခါးလုပ်ငန်းရှင်များ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး NGO အဖွဲ့အစည်းများ၊ သနပ်ခါးချစ်မြတ်နိုးသည့် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှားဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)