မုံရွာ မေ ၂၉
စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့် မလေးရှားနိုင်ငံဆေးကုသမှုအဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပွဲကို ကျင်းပပြုလုပ်ရာ ဂုဏ်ပြုနေ့လည်စာစားပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မလေးရှားနိုင်ငံ စစ်သံမှူး၊ ဆေးကုသရေးအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့အနေဖြင့် စစ်ကိုင်းမြို့ငလျင်ဘေးကြောင့် ဒဏ်ရာရရှိသူများအပါအဝင် စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြင်ပလူနာပေါင်း ၃၆၄၃ ဦးအား စစ်ဆေးကုသကြည့်ရှုပေးခြင်းနှင့် လူနာ ၃၀၅ ဦးအား အသေးစားခွဲစိတ်မှု ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ဆေးဝါးထောက်ပံ့မှုများအား ရက်ပေါင်း ၃၇ ရက်ကြာ ဆေးကုသပေးခဲ့မှုအတွက် စစ်ကိုင်းမြို့ ပြည်သူများကိုယ်စား မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် မလေးရှားဆေးအဖွဲ့နှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့သည့် စစ်ကိုင်းမြို့၊ ဆေးရုံဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ စေလွှတ်ပေးခဲ့သည့် ဆေးပညာရှင်များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ခဲ့သည်။
ယင်းနောက်မလေးရှားနိုင်ငံ စစ်သံမှူး Colonel Norulhisyam bin Md Shuib မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတို့က မလေးရှားနိုင်ငံ စစ်သံမှူးနှင့် ဆေးကုသရေးအဖွဲ့ခေါင်းဆောင်များထံ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြပြီး ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)