ပခုက္ကူမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပခုက္ကူ မေ ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပိတောက်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပေးသည်။

ထို့နောက် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့‌ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးကျော်ဇေလတ်က အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးရီသန်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းတို့က ကျောင်းအပ်နှံရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က (အခမဲ့)ဖြန့်ဝေသော ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ကျော်ဇေလတ် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးသန်းဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးတို့က ပေးအပ်ခဲ့ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းသီချင်းနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ပခုက္ကူမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၁၃၅ ကျောင်းအပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၄ ကျောင်း ဖွင့်လှစ်ထားပြီး လက်ရှိအချိန်ထိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ ၂၆၇၃၄ ဦး လက်ခံရရှိထားပြီဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)