ဘုတ်ပြင်းမြို့၌  မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဘုတ်ပြင်း  မေ  ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာ ရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းသီးချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ယင်းနောက် ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက နိုင်ငံတော်အစိုးအရက နိုင်ငံသူ နိုင်ငံသားတိုင်း အနိမ့်ဆုံးအဆင့် အလယ်တန်းပညာ (Grade-9) ပြီးဆုံးရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီရက်များတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မှာဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံရေးအတွက် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ စုစည်းပူးပေါင်းပြီး ကျောင်းအပ်နှုန်းမြင့်မားတိုးတက်အောင် အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုနှစ် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (အောက်လိပ်)ကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရေးဆောင်ပုဒ်အတိုင်း ကျောင်းနေအရွယ်ကလေး အားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဟု တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပညာရေးမှူး ဦးအောင်စိုးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။     

အခမ်းအနားသို့ တက်ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့သည်။

ဘုတ်ပြင်းမြို့အတွင်းရှိ အခြခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံလက်ခံခြင်းများကို မေလ ၂၂ ရက်နေ့မှ ဇွန်လ ရက်နေ့ထိ  ဆောင်ရွက်ပေးလျက်ရှိရာ KG မှ Grade-5 အထိ မူလတန်း ကျောင်းသား၊ ကျောင်းသူများကို ခဲတံ (၄) ချောင်း၊ ကျောင်းဝတ်စုံ (၁) စုံ၊ ဗလာစာအုပ် (၁) ဒါဇင်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ Geade-6 မှ Grade-12  အထိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများကို ခဲတံ (၂) ချောင်း၊ မင်တံ (၂) ချောင်း၊ ဗလာစာအုပ် (၁) ဒါဇင်၊ ကျောင်းသုံးပုံနှိပ်စာအုပ်တို့ကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘုတ်ပြင်းခရိုင်အတွင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား  အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၂) ရက်နေမှ စတင်၍ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ အထက်တန်းကျောင်းသား၊ ကျောင်းသူ  (၈၅၀) ဦး၊ အလယ်တန်း (၂၉၉၄) ဦး၊ မူလတန်း (၁၁၃၄၀) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသား (၁၅၁၃၄) ဦး လာရောက်အပ်ပြီးဖြစ်ကြောင်းနှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်း (အောက်လိပ်) တွင် စက်မှု၌ (၃၂) ဦး၊ စိုက်ပျိုး၌ (၈) စုစုပေါင်း (၄၀) ဦး အပ်နှံပြီး ကျောင်းသား၊ ကျောင်းသူများ ဆက်လက်အပ်နှံလျက်ရှိကြရာ ဇွန်လ (၁)ရ က်နေ့အထိ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဘုတ်ပြင်း(ပြန်/ဆက်)