ပွင့်ဖြူ မေ ၂၉
မြန်မာနိုင်ငံအလယ်ပိုင်းက ရွာလေးတစ်ရွာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် ဆံရစ်ဝိုင်းဆံပင်ပုံစံများကို တန်ဖိုးထားကာ ဘိုးဘွားစဉ်ဆက်ယောက်ျားလေးရော မိန်းကလေးများပါ အရွယ်စုံအသက်အရွယ်အလိုက် လက်ဆင့်ကမ်းထိမ်းသိမ်းလာခဲ့ကြကြောင်း သိရသည်။
ရွာလေးရဲ့ နာမည်က ရေပုတ်ကြီးလို့ခေါ်ပြီး၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ထဲတွင်တည်ရှိကာ ယခင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော်လည်း ယခုအခါလမ်းများကောင်းမွန်နေပြီး ကားဖြင့်သွားပါက မိနှစ် ၂၀ သာမောင်းရသည်။ ရေပုတ်ကြီးရွာလို့ဆိုလိုက်လျှင် ဆံရစ်ဝိုင်းနဲ့တွဲပြီး သိကြကြောင်း၊ တစ်ရွာလုံးမှာရှိတဲ့ မိန်းကလေး၊ ယောက်ျားလေးများဟာ ရင်ခွင်ပိုက်နို့စို့အရွယ် ကလေးငယ်ဘဝကတည်းက ဆံရစ်ဝိုင်းပုံ ရိုးရာဆံပင်ပုံစံများထားကြတဲ့ဓလေ့ရှိပြီး အခုလောလောဆယ် ရွာထဲတွင် ဆံရစ်ဝိုင်းထားသူ စုစုပေါင်း ၇၀၀ ကျော်ရှိကြောင်း၊ မိန်းကလေးတွေထားတဲ့ ဆံပင်ပုံစံကို ဆံရစ်ဝိုင်းလို့ခေါ်ကာ ယောက်ျားလေးတွေရဲ့ ဆံပင်ပုံစံကိုတော့ သျှောင်ပေစူးလို့ ခေါ်ကြောင်း ရွာသူ၊ ရွာသားများက ပြောသည်။
“ရေပုတ်ကြီးရွာသူ မပြုံးပြုံးရီက ကျွန်မတို့ရွာက လသားအရွယ် ကလေးငယ်များကစလို့ ငယ်ထိပ်ပေါ်မှာ ဦးစွန်းဖုတ်လို့ခေါ်တဲ့ ဆံပင်ပုံစံကိုစထားကြပြီး အဲဒီဆံပင်ပုံစံကိုကြည့်ကာ သူဟာမိခင်ရဲ့ရင်ခွင်မှာ ခိုလှုံနေတဲ့ ကလေးအရွယ်သာရှိပါသေးတယ်လို့ ဖော်ပြတာဖြစ်ပါတယ်။ ကလေးတွေ သုံးနှစ် လေးနှစ်အရွယ်ရောက်ပြီဆိုလျှင်တော့ အဲ့ဒီဆံပင်လေးကို ကြက်တောင်စည်းလေး စည်းလာကြသဖြင့် ဒါဟာမိခင်ရင်ခွင်မှာ နို့စို့နေတဲ့ အရွယ်ကနေကင်းလွတ်ပြီး လမ်းလျှောက်ကစားနိုင်တဲ့အရွယ်ရောက်ပြီလို့ ဖော်ပြတဲ့ သဘောဖြစ်ပါတယ်။”
“တခါအသက် ၉ နှစ် ၁၀ နှစ်အရွယ် ရောက်တဲ့အခါ ကြက်တောင်စည်းလေးတွေရှည်လာပြီး မိန်းကလေးတွေက ခေါင်းပေါ်မှ ဆံထုံးလေးတွေ ထုံးလို့ရလာကြပြီး ယောက်ျားလေးတွေကလည်း သျှောင်ပေစူးလေးတွေစထုံးလို့ရလာကြပါပြီ။ အဲဒါက သားတို့ သမီးတို့ဟာ ကျောင်းနေအရွယ်ရောက်ကြပါပြီလို့ ဆံပင်ပုံနဲ့ ပုံဖော်ပြတာ ဖြစ်ပါတယ်”
“အဲဒီကတဆင့် မိန်းကလေးတွေ ၁၅ နှစ် ၁၆ နှစ် အရွယ်ရောက်တော့ ဂျပန် ဆံထောက်လို့ ခေါ်တဲ့ ဆံထောက် ဆံပင်ထားကြပါတယ်။ အဲဒီဆံပင်ပုံကိုကြည့်ပြီး ဒီမိန်းကလေးတွေဟာ ကလေးဘဝအရွယ်ကျော်လွန်လို့ အပျိုဖော်ဝင်စအရွယ်ပါလို့ ဆံပင်ပုံစံကြည့်ပြီး အပျို အအို ခွဲနိုင်ခဲ့ပါတယ်။”
“၁၇ နှစ် ၁၈ နှစ် ရောက်တော့ ဂျပန်ဆံထောက်မှ နောက်ကောက်လို့ခေါ်တဲ့ နားနောက်မှာ ဆံထောက်ကွေးလေးတွေထားတဲ့ ပုံစံပြောင်းလဲထားကြပါတယ်။ ဒီမိန်းကလေးက အပျိုလေးဖြစ်ပါပြီ၊ ချစ်ချင်သူတွေ ချစ်လို့ရပါပြီ၊ ပိုးချင် ပန်းချင်သူတွေလည်း ပိုးပန်းလို့ရပါပြီလို့ အဲဒီဆံပင်က ကိုယ်ပြောချင်တဲ့စကားကို နှုတ်ကနေဖွင့်ဟမပြောဘဲ ဆံပင်လေးတွေနဲ့ ပုံဖော်ပြောဆိုခြင်းများသာ ဖြစ်ပါတယ်။ အိမ်ထောင်ကျသွားတဲ့ အမျိုးသမီးတွေကတော့ ဆံရစ်ဝိုင်းလေးတွေဖြုတ်လိုက်ပြီး ဆံပင်ကို အုပ်လုံးသိမ်းလိုက်ကြပါတယ်။ ဆိုလိုတာက သူ့မှာ အုပ်ထိန်းသူ လင်ယောက်ျားရှိပါပြီ၊ ပိုးပန်း ချင်သူတွေ မချစ်ကြ မပိုးပန်းကြပါနဲ့တော့လို့ ဆိုလိုတဲ့အကြောင်း အဘွားကပြောပြခဲ့ပါတယ်” ဟု ရွာမှ ကာလသမီး ခေါင်းဆောင်တစ်ဦးဖြစ်သူ မပြုံးပြုံရီက ပြန်လည်ပြောပြသည်။
“သူကဆက်လက်ပြီး သူငယ်ငယ်တုန်းက အနီးဝန်းကျင်က ရွာတွေသွားတဲ့အခါ ဆံရစ်ဝိုင်းနဲ့ ဆံပင်ပုံကို ကြက်ချေးပုံ နွားချေးပုံ ခေါင်းမှာ တင်ထားတာလို့ စကြ နောက်ကြတာ အများနဲ့မတူတဲ့ ဆံပင်ပုံစံများကြောင့် ငယ်စဉ်က စတာ၊ နောက်တာ ခံရတဲ့အခါ ဒီဆံပင်ပုံ မထားချင်တော့တဲ့ စိတ်တွေဖြစ်ခဲ့ပြီး ဒီဆံရစ်ဝိုင်း ဆံပင်ပုံစံကို ဘာကြောင့်များ ထားပေးရတာလဲ ဒီဆံပင်ပုံကို မထားချင်တော့ဘူးလို့ မိဘတွေကို ပြန်ပြောမိခဲ့ပါတယ်။ အဲဒီအခါ အဘွားက သူများကဲ့ရဲ့တာတွေ ဂရုမစိုက်ဖို့နဲ့ တို့အဘိုးအဘွား လက်ထက်ကတည်းက အစဉ်အလာမပျက် ထားခဲ့တဲ့ ရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းတဲ့ အနေနဲ့ ဆံရစ်ဝိုင်းလေးတွေ ထားတာပါလို့ ရှင်းပြခဲ့လို့ အခုတော့ နားလည်သွားပါပြီလို့” သူကပြောပြသည်။
ထို့ကြောင့် ရိုးရာယဉ်ကျေးမှုကို ချစ်ခြင်းသည် လူမျိုးကို ချစ်ရာရောက်သည်။ လူမျိုးကိုချစ်ခြင်းသည် နိုင်ငံကိုချစ်ရာရောက်သဖြင့် အနာဂတ် လူငယ်၊ လူရွယ်ကလေးများ ကိုယ့်နိုင်ငံနှင့် ကိုယ့်လူမျိုးကို အမြဲချစ်နိုင်ဖို့ ကိုယ့်ရိုးရာ ကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းကြ စေချင်ပါတော့သည်။
ဝင်းနိုင်