ပွင့်ဖြူမြို့၌ ရွှေပွဲတော်ကုမ္ပဏီမှကြီးမှူး၍ ဆယ့်နှစ်ပွဲဈေးသည်များ စုပေါင်းဈေးရောင်းပွဲတော် ကျင်းပဆင်နွှဲ

ပွင့်ဖြူ မေ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ စိတ်အပန်းပြေစေရန်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို တစ်နေရာတည်း၌ အဆင်ပြေစွာဝယ်ယူနိုင်ရန်ရည်ရွယ်၍ မေလ ၂၄ ရက်နေ့မှစပြီး ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အောင်သိဒ္ဓိကျောင်းတိုက် မြစောညီနောင်စေတီတော်မြတ်ကြီးဝန်းအတွင်း၌ ရွှေပွဲတော်ကုမ္ပဏီမှကြီးမှူး၍ ဆယ့်နှစ်ပွဲဈေးသည်များ စုပေါင်းဈေးရောင်းပွဲတော် ဆင်နွှဲကျင်းပလျက်ရှိရာ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ လာရောက်စိတ်အပန်းဖြေ ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆယ့်နှစ်ပွဲဈေးသည်များ စုပေါင်းဈေးရောင်းပွဲတော်ကို မေ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၇)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဈေးရောင်းပွဲတော်တွင် ဒေသခံပြည်သူများ စိတ်ကြိုက်ဝယ်ယူနိုင်ရန် လူသုံးကုန်ပစ္စည်းမျိုးစုံ၊ အိမ်အသုံးအဆောင်ပစ္စည်းမျိုးစုံနှင့် စားသောက်ကုန်ပစ္စည်းမျိုးစုံ၊ ကလေးများအတွက် ကစားစရာပစ္စည်းမျိုးစုံ အရောင်းဆိုင်များပါဝင်သည့် ဈေးဆိုင်ခန်းပေါင်း (၅၀)ကျော်မှ ဈေးသည်များက နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ခင်းကျင်းရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဈေးဝယ်လာပြည်သူများအတွက် စိတ်လက်ပေါ့ပါးစွာ အနားယူအပန်းဖြေနိုင်ရန် ပင်လယ်ဓားမြ အပျော်စီးလှေ၊ ချားရဟတ်(ချားဝိုင်း)နှင့် ကလေးငယ်များ ဆော့ကစားရန်အတွက် ကလေးစီးရထား၊ ပျော့ပျော့အိ၊ ကလေးစီးဒုန်းများ ထည့်သွင်းစီစဉ်ဆောင်ရွက်ထားရှိရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ လာရောက်အပန်းဖြေ ဈေးဝယ်ယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း ဈေးရောင်းပွဲတော်ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်သည့် ရွှေပွဲတော်ကုမ္ပဏီမှ(တာဝန်ခံ) ဦးကိုကိုဦးထံမှ သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)