မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး တိုးမြှင့်ဆောင်ရွက်

မြဝတီ မေ ၃၀

ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်း  လမ်းအသုံးပြုသူ   မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် မောင်းနှင်သူများအား မော်တော်ယာဉ် နည်းဥပဒေ/ ဥပဒေပါ သတ်မှတ်ပြဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေး  စစ်ဆေးဆောင်ရွက်ခြင်းကို  မေလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီက အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ဘုရားကြီးကျောင်းရှေ့နှင့် မြို့နယ် အကောက် ခွန်ဦးစီးဌာနရုံးရှေ့တို့၌ ဆောင်ရွက်ခဲ့သည်။          

အဆိုပါအသိပညာပေးဆောင်ရွက်ခြင်းကို အမှတ်(၇၃)ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်လင်းဌေးဦးဆောင်၍ မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအထောက်အကူပြုဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်  ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့တို့သည် ယာဉ်မောင်းသူများ လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့်အချက်များ၊ မော်တော်ယာဉ်များအတွက် သတ်မှတ်ဧရိယာအတွင်း မောင်းနှင်ရမည့်  မိုင်နှုန်းများအား ရှင်းလင်းပေးပြီး  စည်းကမ်းချက်နှင့်အညီ မလိုက်နာသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက်ခြင်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)