ဝန်းသိုမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

ဝန်းသို မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး(ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင့်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းအောင်ကျော်နှင့် သက်ဆိုင်ရာ ရပ်/ကျေးစာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့မ(၁)ရပ်နှင့်မြို့မ(၂)ရပ်ရှိ နေအိမ်များတွင် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သော နေရာများဖြစ်သည့် ရေလောင်ကန်၊ ညောင်ရေအိုးနှင့် ကားတာယာ အစရှိသည်တို့ကိုကြည့်ရှုစစ်ဆေးကာ (ဖုံး၊ သွန်၊ လဲ၊ စစ်) ဆောင်ရွက်ခဲ့ကြပြီး ခြင်ပေါက်ပွားမှု၊ ခြင်ခိုအောင်းမှုလျှော့နည်းစေရေး၊ နေအိမ်များသန့်ရှင်းသာယာလှပစေပြီး ကျန်းမာသောလူနေမှု ဘဝဖြစ်ပေါ်လာစေရေးတို့အတွက် မိမိတို့နေအိမ်ဝင်းခြံရှေ့နှင့် ပတ်ဝန်းကျင်ရှိ မိုးပြင်းလေပြင်း များကျရောက်လာချိန် လဲပြိုနိုင်သည့် သစ်ပင်ကြီးအကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်၊ သစ်ပင်များ၊ ရေနုတ်မြောင်းတို့ကို ဝိုင်းဝန်းရှင်းလင်းကူညီဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများက အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းနှင့် မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ရပ်ကွက်အလိုက်အဖွဲ့ ခွဲ၍ ဆက်လက်ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)