တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ် မေ ၂၇

တိုင်းဒေသကြီး/ပြည်နယ် ဘော်လီဘောပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီး အမျိုးသား၊ အမျိုးသမီးဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တောင်ကြီးမြို့တွင် ၂၀၂၅ ခုနှစ်၊ဇွန်လ (၃)ရက်နေ့ကနေ (၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘော ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန် တနင်္သာရီတိုင်းဒေသကြီး လက်ရွေးစင် အမျိုးသား/အမျိုးသမီး ဘော်လီဘောအသင်းအနေဖြင့် ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ရာတွင် ကျန်းမာရေး၊ အနေအထိုင်၊ အစားအသောက် ဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဘော်လီဘောအားကစားနည်းတွင် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲများတွင် အမျိုးသမီး အသင်းအနေဖြင့် တတိယ၊ ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အမျိုးသမီး အသင်းအနေဖြင့် ဒုတိယရရှိခဲ့သည်ကိုတွေ့ရပြီး အောင်မြင်မှု အရှိန်အဟုန်များကို ဆက်လက် ထိန်းသိမ်းနိုင်အောင်ဘော်လီဘော အားကစားသမား အားလုံးက ပထမဒိုင်းဆုရရှိသည့်အထိကြိုးစား အားထုတ်သွားကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ဘော်လီဘော အားကစားအဖွဲ့ အောင်မြင်မှုရရှိရေးအတွက် ပြိုင်ပွဲ ပွဲစဉ်များအတွင်း အုပ်စုအဆင့်၊ ကွာတားအဆင့်၊ ဆီမီးဖိုင်နယ်အဆင့်၊ ဖိုင်နယ်အဆင့်များတွင် တစ်ပွဲချင်းအလိုက် ဆုချီးမြှင့်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မည့်အုပ်ချုပ်/နည်းပြ/ကစားသမား တစ်ဦးချင်းစီတိုင်းကိုလည်း ချီးမြှင့်ပေး သွားမှာဖြစ်ကြောင်း၊  ပြိုင်ပွဲတွင် အောင်မြင်မှုရရှိပါကထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း၊ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ကြမည့် ဘော်လီဘောအားကစားသမားများအနေဖြင့် အနိုင်/ အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်မှုမျိုးမဟုတ်ဘဲ တိုင်းဒေသကြီး၏ဂုဏ်၊ နိုင်ငံတော်၏ဂုဏ်ကို ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သော အားကစားသမားကောင်းများ ဖြစ်လာအောင် အမိန့်နာခံတတ်မှု၊ သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ ယဉ်ကျေးမှု၊ စည်းကမ်းကို ရိုသေလိုက်နာတတ်မှုစသည့် အခြေခံကောင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသရင်း အနိုင်ရရှိရေး အတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန်တိုက်တွန်းလိုကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှု အခြေအနေများအားရှင်းလင်းတင်ပြသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဘော်လီဘောအသင်းသို့ အောင်နိုင်ရေး အလံပေးအပ်ပြီး အမျိုးသား၊ အမျိုးသမီးဘော်လီဘောအသင်းသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ချီးမြှင့်ငွေ ကျပ် ၁၃ သိန်းအားလည်းကောင်း တိုင်းဒေသကြီးဘော်လီဘောဆပ်ကော်မတီက ချီးမြှင့်ငွေ ကျပ် ၂၀ သိန်းအားလည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)