ဖြူး မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် သာဓုကန်ကျေးရွာအုပ်စု၊ သာဓုကန်ကျေးရွာအား ပဥ္စမအကြိမ်မြောက်ချေးငွေထုတ်ချေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဟိန္ဒူဘုရားကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ စီမံကိန်းကော်မတီဝင်များနှင့် အသင်းသူအသင်းသားများအား ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ အတိုးနှုန်းနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားပြီး အသင်းသူအသင်းသားများဖြစ်သော စိုက်ပျိုးရေးလုပ်ကိုင်သူ (၂၉) ဦးအတွက် (၂၀၁) သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ(၅)ဦးအတွက် (၃၄)သိန်း၊ စုစုပေါင်း(၂၃၅)သိန်းကို အသင်းသားများ၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၊ သာဓုကန်ကျေးရွာအုပ်စု၊ သာဓုကန်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၁/၂၀၂၅) လတွင် အရင်း/အတိုးငွေများအား ပေးသွင်းခဲ့ခြင်းကြောင့် ယခုအခါတွင် ကျေးရွာမတည်ရန်ပုံငွေပဥ္စမအကြိမ် ချေးငွေထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)